ပုသိမ်၊ အောက်တိုဘာ (၁၀)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် တောင်လယ်ကျေးရွာအုပ်စုအတွင်းရှိ လမ်းဘေးကွမ်းယာဆိုင်များကို အောက်တိုဘာ (၉)ရက်၊ နံနက် (၂း၀၀)နာရီ ဝန်းကျင်၌ လိုက်လံမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

တောင်လယ်ကျေးရွာအုပ်စုအပိုင် အောင်ဝိဇ္ဇာဆန်စက်ဝန်းရှေ့ရှိ ကွမ်းယာဆိုင်(၃)ဆိုင်အား ဖောက်ထွင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီး ကွမ်းယာဆိုင်တစ်ဆိုင်မှာ မီးလုံးဝလောင်ကျွမ်းခဲ့ကာ အခြားတစ်ဆိုင်မှာမှု ကြမ်းခင်းနှင့် တံခါးများ လောင်ကျွမ်းပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထိုနောက် ကွမ်းယာဆိုင် သုံးဆိုင်မြောက်ကို မီးရှို့ရန်ုပြင်ဆင်နေစဉ် ပတ်ဝန်းကျင်မှ လူများသိရှိသွားသဖြင့် မီးရှို့ သူများထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“လမ်းဘေးက မသုံးတော့တဲ့ ကွမ်းယာဆိုင်တွေပါ။အဲ့ဒါကြောင့် ကာယကံရှင်တွေဘက်က ထိခိုက်နစ်နာမှုသိပ် မရှိလို့ အမှုမဖွင့်ချင်ကြဘူး။ ကျွန်တော်တို့ကတော့ တကယ့်မီးရှို့တာသေချာရင် စုံစမ်းဖော်ထုတ်လို့ရအောင် အမှုတော့ ဖွင့်ခိုင်းထားတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

အဆိုပါ မီးလောင်မှုကို ရေကြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ လာရောက် မီးငြှိမ်းသတ်ခဲ့ရပြီး ပတ်ဝန်းကျင်မှ ပြောပြချက်အရ ဆိုင်ကယ်နှင့် ထွက်ပြေးမှုကို မြင်ရသည်မှာ မီးရှို့သူများမှာ လူငယ်(၂)ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သမီးတို့ဆိုင်က ကံကောင်းသွားတာပါ။ သမီးတို့က ဆိုင်နောက်က အိမ်မှာနေတာလေ။သူတို့စကားပြောနေတာ တော့ ကြားလိုက်တယ်။သူတို့ချင်းချင်း ပြောနေတယ်ပဲ ထင်မိတာ။မနက်ဖြန်ကျရင် ငါတို့ဆရာစံရပ်ကွက်ဖက်ကို ဆင်းမယ်လို့ ပြောသံကြားလိုက်တယ်။ အိမ်နားက ကောင်လေးက မြင်သွားတော့ သူ့အဖေကိုပြန်နှိုးပြီး ဖမ်းဖို့ လုပ်တဲ့ အချိန်မှာပဲ ထွက်ပြေးသွားကြတာပါ။”ဟု ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ကွမ်းယာဆိုင်များ မီးရှို့ခံရမှုအတွက် ပျက်စီးဆုံးရှုံးမှု မများသော်လည်း ထပ်မံအလားတူဖြစ်ရပ်မျိုးမဖြစ် ပွားစေရန်နှင့် ရဲတပ်ဖွဲ့မှ စုံစမ်းဖမ်းဆီးနိုင်ရေး ကွမ်းယာဆိုင်ပိုင်ရှင်များကို အမှုဖွင့်ရန် ရဲတပ်ဖွဲ့မှ တိုက်တွန်းထားကြောင်း သိရသည်။

Written by – MMK

Leave a Reply