မော်လမြိုင်၊ မေ ၂၄ ။ ။ မော်လမြိုင် တိုးချဲ့ကမ်းနားလမ်းအပိုင်း ၆ စီမံကိန်းကို ပြန်လည်စိစစ်ရာ၌ စုန်ရေကုမ္ပဏီနှင့် စည်ပင်သာယာရေးကော်မတီတို့၏ ထွက်ဆိုချက်များ ကွဲလွဲနေကြောင်း တိုးချဲ့ကမ်းနားလမ်းအမှတ် (၆) ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

-------IMG_2821 copy

ကမ်းနားလမ်းအပိုင်း ၆ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် စည်ပင်သာယာကော်မတီ၊ မော်လမြိုင်ခရိုင်မြေစာရင်းဦးစီးဌာနနှင့် စုန်ရေဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျာဒါရိုက်တာဦးမိုးကျော်တို့ကို စစ်ဆေးပြီးရာမှ ကိုယ်စားလှယ်အချို့က ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

“စည်ပင်ပြောတာနဲ့ ကိုမိုးကျော်ပြောတာက နည်းနည်းလေးတွေ လွဲနေတယ်၊ စည်ပင်ကလည်း စည်ပင်ဘက်ကို ဆွဲပြီးပြောတယ်၊ တော်တော်များများ ကွာဟချက်တွေ ရှိနေတယ်”ဟု ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ဆိုသည်။

စည်ပင်သာယာကော်မတီကို မွန်ပြည်နယ်လွှတ်တော်တွင် မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ခေါ်ယူစစ်ဆေးစဉ်က လုပ်ငန်းပြီးစီးခြင်းကိစ္စများကို လုပ်ငန်းကြီးကြပ်မှုကော်မတီအား မလွှဲရသေးကြောင်း ဖြေကြားခဲ့ပြီး၊ မေလ ၂၄ ရက်နေ့တွင် စုန်ရေဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမိုးကျော်ကို စစ်ဆေးရာတွင် လုပ်ငန်းပြီးစီးမှုကို ကမ်းနားလမ်းဖွင့်လှစ်ပွဲတွင် လွှဲပြောင်းပေးခဲ့ကြောင်း ပြောဆိုသည်ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သထုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက“ကျွန်တော်တို့ စာချုပ်ပါအချက်အလက်တွေကတော့ အတူတူပါပဲ၊ ဒါပေမယ့် စာချုပ်ပူးတွဲပါ စာရွက်စာတမ်းတွေ တစ်ခုမှ မပါဘူး၊လွှတ်တော်မှာတင်ပြထားတာလည်း မပါဘူး၊အဲ့တော့ ကျွန်တော်တို့ စာချုပ် ရုံးမှာပဲ တောင်းကြည့်မှရမယ် အဲ့စာရွက်မှာ သူတို့ရဲ့ နောက်ဆက်တွဲသဘောတူညီမှုတွေ ပြင်ဆင်ချက်တွေပါမယ်၊ ကတိကဝတ်တွေ ပါလာတယ်၊ ဒါတွေကို ကျွန်တော်တို့ မကြည့်ရသေးဘူး”ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် တိုးချဲ့ကမ်းနားလမ်းအပိုင်း ၆ ကိစ္စနှင့် ပတ်သက်ပြီး အချက်အလက်များကို ခိုင်ခိုင်မာမာစုဆောင်းလျက်ရှိကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ကျွန်တော်က ဒီစီမံကိန်းလုပ်တာ မြေလိုချင်လို့ လုပ်တာဖြစ်တယ်၊ ငွေလိုချင်လို့ လုပ်တာမဟုတ်ဘူး၊ ဒီစီမံကိန်းကြောင့် ကျွန်တော်အများကြီးနစ်နာတယ်”ဟု စုန်ရေဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ
ဦးမိုးကျော်က ပြောဆိုသည်။

စုန်ရေဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် မြေ ၂၁ ဧကကို စီမံကိန်းပြီးစီးပါက ရရှိမည်ဖြစ်ခြင်းကြောင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်တွင် ၁၄ ဒဿမ ၄၇၃ ဧကသာရရှိမည်ကို စီမံကိန်းပြီးစီးမှ သိရှိခဲ့ရကြောင်း ဦးမိုးကျော်က ပြောဆိုသည်။

အဆိုပါစီမံကိန်းကို ပြည်နယ်လွှတ်တော်အတည်ပြုချက်တွင် ကုမ္ပဏီစရိတ် သိန်း ၆၃၅၄၇ ထည့်ဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စည်ပင်သာယာရေးကော်မတီထံသို့ ရန်ပုံငွေ သိန်း ၂၅၀ဝ၀၊ မြေ ၁.၅ ဧကကို ထည့်ဝင်ပေးသွားရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ကုမ္ပဏီအနေဖြင့် လုပ်ငန်းပြီးစီးချိန်တွင် လွှတ်တော်ထံတင်ပြထားသည့် သဘောတူညီချက်အတိုင်း မပြုလုပ်ဘဲ စည်ပင်သာယာရေးကော်မတီ်ကို သိန်း ၂၅၀ဝ၀ အစား သိန်း ၁၅၀ဝ၀ ကိုသာ ပေးသွင်းခဲ့ပြီး၊ မြေဧရိယာဧက ၁.၅ အစား၊ ဝ.၇၅ ဧကသာ ပေးသွင်းခဲ့ခြင်းကြောင့် ပြန်လည်စိစစ်နေခြင်းဖြစ်သည်။

စီမံကိန်းစာချုပ်ပါ စည်းမျဉ်းစည်းကမ်းအရ စီမံကိန်းစတင်အချိန်တွင် ကုမ္ပဏီကစည်ပင်သာယာကော်မတီသို့ ၁၀ ရာခိုင်နှုန်း ပေးသွင်းထားခဲ့ပြီး၊ ကျန်ရှိသည့် ၉၀ ရာခိုင်နှုန်းကို ကုမ္ပဏီရရှိမည့် မြေ ၂၁ ဧက မြေဂရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်း အစီရင်ခံစာတင်ပြီးမှ ပေးသွင်းရမည်ဖြစ်ကြောင်း ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များမှ သိရသည်။

ဇော်ထိုက်

Leave a Reply