Advertisements

ပိုလီယိုကာကွယ်ဆေးတီထွင်ခဲ့သော ဆေးပညာရှင် Jonas Salk ကိုကာကွယ်ဆေးတီထွင်မှုအတွက် မူပိုင်ခွင့်ကို မည်သူပိုင်သနည်းဟု အင်တာဗျူး တစ်ခုတွင်မေးမြန်းခဲ့ရာ သူက “အများပိုင်ပေါ့” ဟု ဖြေခဲ့သည်။

“ခင်ဗျား နေမင်းကြီးကို တစ်ယောက်တည်းပိုင်တာကြားဖူးလားဟု” သတင်းထောက်ကို ပြန်မေးခဲ့သည်။

သို့သော်တီထွင်ဖန်တီးမူတိုင်းကို အများဆိုင်အဖြစ်မထားနိုင်ကြပေ။မူလကမူ မူပိုင်ခွင့်များဖြင့် ဉာဏ ပစ္စည်းများကို အကာအကွယ်ပေးခြင်းသည်တီထွင်ဖန်တီးမှုများတွင် နောက်ထပ်ရင်းနှီးမြှုပ်နှံလိုသည့် ဆန္ဒများတိုးပွားလာအောင်တိုက်တွန်းအားပေးရန်ဖြစ်သည်။

Advertisements
data-language="en"

သို့သော် စီးပွားရေးလောက၏ လောဘမှာ ထိုမူလ ရည်ရွယ်ချက်ကိုကျော်လွန်၍ အမြတ်အစွန်းကြီးမား သထက် ကြီးမားရေးအတွက် ဉာဏပစ္စည်းများ ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ထိန်းချုပ်လာကြရာ ထိုပစ္စည်းများ ဝယ်ယူသုံးစွဲသူများကို ပင်ပန်းစေသည့် အဖြစ်သို့ရောက်ရှိလာခဲ့သည်။

ဥပမာ – ထိုသို့ ဉာဏပစ္စည်းများ ထိုသို့လွန်ကဲစွာထိန်းချုပ်ခြင်းသည်ငှက်ဖျားကာကွယ်ရေးအတွက်ကာကွယ်ဆေးထုတ်လုပ်ရန်များစွာနှောင့်နှေးစေခဲ့သည်။

သို့သော် ဖက်ရှင်လောကတွင်မူ ငှက်ဖျားဆေးများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အများအားဖြင့် အဝတ်အထည်ဒီဇိုင်းများစွာသည် ဉာဏပစ္စည်းမူပိုင်ခွင့် ယူမထားဘဲ အများဆိုင်အဖြစ်တည်ရှိသည်။

အံ့သြစရာကောင်းသည်မှာ ထိုနယ်ပယ်တွင် လွတ်လပ်စွာ တီထွင်ဆန်းသစ်နိုင်မှုများ၏ အကျိုးကိုသိသာစွာခံစား ခွင့်ရှိကြသည်။

ဈေးကွက်နှင့် မူပိုင်ခွင့် ပြဿနာ

မူပိုင်ခွင့်သည် နိုင်ငံတစ်ခုတွင် ဆန်းသစ်တီထွင်ဖန်တီးမှုအတွက် မဖြစ်မနေလိုအပ်သည့်အရာဖြစ်ရာ နိုင်ငံတစ်နိုင်ငံတွင် ဥပဒေများ၊ မူဝါဒများ ခိုင်ခိုင်မာမာရှိရန် လိုအပ်သည်ကအမှန်ပင်ဖြစ်သည်။ သာဓကအားဖြင့်မူပိုင်ခွင့် ဥပဒေ ခိုင်မာအားကောင်းသောအခါ တေးရေးဆရာတစ်ဦးက မူပိုင်ခွင့်ကိုအသုံးပြုကာ မိမိ၏ တေး
သီချင်းများကို အများကခိုးယူသုံးစွဲခြင်းမှ ကာကွယ်နိုင်မည်။

မူပိုင်ခွင့်စနစ်ကို အသုံးပြုကာဂီတနယ်ပယ်တွင်တေးရေးဆရာတစ်ဦးသည် မိမိ၏ တီထွင်မှုကို မူပိုင်ခွင့်ဥပဒေအရ မှတ်ပုံတင်ထားခြင်းဖြင့်နောင်တွင် ၎င်း၏ တီထွင်မှုများကို အများပြည်သူအသုံးပြုနေသည့် မီဒီယာများမှဖြစ်စေ အများပြည်သူ အသုံးပြုနိုင်သော နည်းတစ်ခုခုဖြင့် ဖြစ်စေ တစ်စုံတစ်ယောက်က ထိုသီချင်းကို သီချင်းရေးဆရာ မသိဘဲ စီးပွားဖြစ်ထုတ်လုပ်နေခြင်းမျိုးကိုကာကွယ်နိုင်မည်ဖြစ်သည်။

သို့သော်မူပိုင်ခွင့်သည် ယဉ်ကျေးမှုအများပိုင်များကို အကြီးအကျယ်ထိခိုက်စေသော ဖြစ်ရပ်များစွာပေါ်ထွက်လာ သောအခါတွင်မူ အချို့မူပိုင်ခွင့်များကိုမေးခွန်းထုတ်စရာဖြစ်လာသည်။

အများဆိုင်မှသည် ပုဂ္ဂလိကပိုင်အဖြစ်မူပိုင်ခွင့်ထားရှိလိုက်သောအခါယခင် အခမဲ့သုံးစွဲနေကြသူ လူအများသည် ထိုမူပိုင်ခွင့် ပိုင်ရှင်ထံမှ ငွေပေးကာဝယ်ယူရတော့သည်။ စီးပွားဖြစ်နည်းတစ်မျိုးပင်။ သာဓက အနေနှင့်အများ ပြည်သူ ဘိုး၊ ဘွား အစဉ်အဆက်သီဆိုလာခဲ့သော ကျေးလက်ရိုးရာသီချင်းတစ်ပုဒ်ကို ရုပ်ရှင်တွင်ထည့်သွင်း အသုံးပြုပြီး ထိုရုပ်ရှင်သီချင်းကို မူပိုင်ခွင့်ယူလိုက်သည့်အဖြစ်မျိုး အိန္ဒိယ နိုင်ငံတွင်ဖြစ်ခဲ့ဖူးသည်။

ထိုအခါကျေးတောသားတို့၏ ပွဲလမ်းသဘင်တွင်အများကြားအောင်တီးမှုတ်ခွင့်၊ ဗီဒီယိုများတွင် ထည့်သွင်းအသုံး ပြုခွင့်ကို မူပိုင်ခွင့်လိုင်စင်ရရှိထားသော ကုမ္ပဏီက ထိန်းချုပ်ခွင့်ရရှိသွားပြီး အသုံးပြုလိုသောအခါတိုင်းတွင် ထိုကုမ္ပဏီကို ငွေပေးရသည့် အခြေအနေသို့ ဆိုက်သွားနိုင်သည်။

ထိုဖြစ်ရပ်မျိုးကို အမေရိကန်ပြည်ထောင်စုတွင် မူပိုင်ခွင့်သက်တမ်းတိုးချဲ့ပြင်ဆင်ရေး ဥပဒေအရ အများပြည်သူ မနစ်နာအောင် အကာအကွယ်ပေးထားသည်။ ထိုဥပဒေဖြင့် အကာအကွယ်ပေးမှုအရ တေးရေးဆရာတစ်ဦးသည် ကျေးလက်သီချင်းတစ်ပုဒ်ကို ပြန်လည်ဖွဲ့စည်းခြင်း၊ ပုံစံသစ်ဖြင့် ပြန်လည် ရေးသားခြင်းကို ၎င်း၏ ဉာဏ
ပစ္စည်းအဖြစ်မှတ်ပုံတင်ခွင့်ရှိသော်လည်း ထိုသီချင်း၏ မူကွဲကို တခြားသူကဖန်တီးလျှင် တရားစွဲဆိုနိုင်ခြင်းမရှိပေ။

ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ပတ်သက်သော အငြင်းအခုံများတွင် တစ်စုံတစ်ဦးက အားထုတ်တီထွင်ဖန်တီးမှုကို အကာအကွယ်မပေးလျှင် မတိုးတက်နိုင်ဟု ဆိုကြသကဲ့သို့ တစ်ဖက်တွင် ထိုစည်းကမ်းများကို အမြတ်အစွန်းသက်သက်သာသာ ကြည့်သော ကုမ္ပဏီများက ဈေးကစားကာ ပြည်သူများ၏ ငွေကိုညှစ်ယူသော အခြေအနေမျိုးကိုလည်း ထောက်ပြကြသည်။

အထူးသဖြင့် လူ့အသက်ကိုကယ်သော ဆေးဝါးများကိုထုတ်လုပ်သည့်နည်းလမ်းသိပါလျက် မူပိုင်ခွင့် မဝယ်နိုင်သဖြင့်မထုတ်လုပ်ရသောအခြေအနေမျိုးသည် လူသားတို့၏ အသက်ရှင်နေထိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်း လူ့အခွင့်အရေးတောင်းဆိုသူများက ထောက်ပြကြသည်။

ထို့အပြင် ရိုးရာအမွေ ယဉ်ကျေးမှုဆိုင်ရာ ဘုံပိုင်ပစ္စည်းများကို ကုမ္ပဏီများက မူပိုင်ခွင့် စည်းကမ်းများအရ အနိုင်ကျင့်ခြင်းမျိုးကို Copy left လူပ်ရှားမှုများကဆန့်ကျင်ကြပြန်သည်။ ဥပမာ – မူပိုင်ခွင့်အသုံးပြုခြင်းနှင့်အမြတ်ထုတ်ခြင်းမှာခြားနားလှပါသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများက မူပိုင်ခွင့် မတရားမှုများကို ထောက်ပြကြသည့်အနက် အသိပညာ၊ အတတ်ပညာနယ်ပယ်က သုတေသနစာတမ်းများ၊ အများပြည်သူသိသင့်သိထိုက်သော ဝေမျှသင့်သည့် စာအုပ်စာတမ်းများကို မူပိုင်ခွင့်ဖြင့် ထိန်းချုပ်လျှင် ငွေရှိသည့် တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသာ ဝယ်ယူနိုင်မည်ဖြစ်ရာ ပညာရပ်များ ထိထိရောက်ရောက်ပြန့်ပွားသင့်လျက်မပြန့်ပွားနိုင်သဖြင့် အမှန်တကယ်လောက အကျိုးကိုဆောင်နိုင်ရန်ခက်ခဲသည်ဟုဝေဖန်သူတို့ကဆိုသည်။

အထူးသဖြင့် ပြည်သူကပေးဆောင်ထားသော အခွန်ဖြင့် လည်ပတ်နေသော သုတေသနရန်ပုံငွေကို အသုံးပြုကာ ထွက်ပေါ်လာသော စာအုပ်စာတမ်းများကို ကုမ္ပဏီကြီးများက မူပိုင်ခွင့်ဖြင့်ထိန်းချုပ်ထားပြီး ရောင်းချနေသည့်အခါမျိုးတွင် ပို၍မေးခွန်းထုတ်စရာအခြေအနေဖြစ်သည်။ စာရေးသူ အနေနှင့် ပညာရေးအတွက် အမြတ်အစွန်းအတွက်မဟုတ်သော လုပ်ငန်းများအတွက် အများကို အသုံးပြုခွင့်ပေးရန်လိုလားသော်လည်း ကုမ္ပဏီများထိန်းချုပ်ထားသောအခါမဝေမျှနိုင်သည့် အဖြစ်မျိုးနှင့်လည်း ကြုံတွေ့ရတတ်သည်။

မြန်မာနိုင်ငံသည်လည်း ပြုပြင်ပြောင်းလဲရေးကာလတွင် ဥပဒေများစွာကိုပြင်ဆင်နေရသည့် အခိုက်အတန့်ဖြစ်သောကြောင့် ၁၉၁၃ ခုနှစ်ကတည်းပြဋ္ဌာန်းခဲ့သော လက်ရှိအချိန်ထိ သုံးစွဲနေသေးသည့် ဉာဏမူပိုင်ခွင့် ဥပဒေသည် နိုင်ငံတကာ ကုမ္ပဏီများ၏မြန်မာနိုင်ငံပြင်ပတွင်ရရှိထားသောမူပိုင်ခွင့်များကို အသိအမှတ်မပြု သေးသော ကြောင့် ထိုဥပဒေကိုပြင်ဆင်ရန် နိုင်ငံတကာ ကုမ္ပဏီများက အထူးလိုလားလျက်ရှိသည်။

အာဆီယံတစ်ဝန်းလုံးရှိ မူပိုင်ခွင့်ဥပဒေများနှင့် အဆင့်အတန်းတူညီစွာနိုင်ငံတကာမူပိုင်ခွင့်များကို အကူအညီပေးရမည် ဖြစ်သည်။ ထိုဥပဒေ ကုမ္ပဏီကြီးများ၏ မူပိုင်ခွင့် တောင်းဆိုမှုကို အကာအကွယ်ပေးရမည် ဖြစ်သလိုကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်နေသေးသောမြန်မာနိုင်ငံမှပြည်သူများအကျိုးကိုလည်း မည်မျှအထိအကာအကွယ်ပေးမည်ကိုစောင့်ကြည့်ရပေဦးမည်။

ဆေးဝါးကဲ့သို့သော ကုန်ပစ္စည်းမူပိုင်ခွင့်သည် ကုမ္ပဏီကြီးများ၏ ပါးစပ်ဖျားတွင်ရှိသော ဈေးနှုန်းဖြစ်နေလေ့ရှိရာ မူပိုင်ခွင့်ကို ကိုင်ထားပြီး ဈေးကစားသည့် အန္တရာယ်ကို အရပ်ဘက်လူ့အဖွဲ့ အစည်းများက စိုးရိမ်ကြသည်။

ထို့အပြင် အသိပညာ ဖြန့်ဖြူးမှုဆိုင်ရာ လုပ်ငန်းများတွင်လည်း လုပ်ငန်းရှင်ကို အကာအကွယ်ပေးရင်း ပြည်သူ့တို့အကျပ်အတည်းဖြစ်ကြမည့် အရေးကိုကျယ်ပြန့်စွာပြောဆိုဆွေးနွေးရန်လိုအပ်နေသေးသည်။

အခြား ဖျော်ဖြေရေးနှင့် အနုပညာမူပိုင်ခွင်များမှာလည်း ရှိသင့်သည် မှန်သော်လည်း တရားမျှတမှုရှိသည့် မူပိုင်ခွင့် စည်းမျဉ်း စည်းကမ်းများဖြစ်ရန်လိုအပ်ပေသည်။

(ဆက်လက်ဖော်ပြပါမည်)

Leave a Reply