၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့ ရောက်တိုင်း နှစ်စဉ် ကျင်းပခဲ့သည့် မွန်ပြည်နယ်နေ့မှာတော့ ယခု ၂၀၁၇ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာတော့ (၄၃) ကြိမ်မြောက် ဖြစ်ခဲ့ပြီးလေးပြီး။

မွန်ပြည်နယ်နေ့ကို သာမန်အခမ်းအနားငယ် တစ်ခုအဖြစ်သာ ၁၉၈၈ အရေးခင်းကာလအထိ ကျင်းပပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် မွန်ပြည်နယ်နေ့ကို တိုင်းရင်းသားရိုးရာ အဆို၊ အက၊ အရေးအတီး ပြိုင်ပွဲများနှင့် ပြည်နယ်ထွက် ကုန်စည်ပြပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။

ယခုနှစ် (၄၃) ကြိမ်မြောက် မွန်ပြည်နယ်နေ့ကို ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သည့် ပြခန်းများ၊ ဌာနဆိုင်ရာတို့မှ အသိပညာပေး ပြခန်းများ၊ လက်ကမ်းစာဆောင်များနှင့် စည်ကားသိုက်မြိုက်စေရန်အတွက် ဈေးပွဲတော်ပုံစံဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရာတွင် ထူးခြားသည့်အနေဖြင့် မွန်ရိုးရာဇာတ်သဘင်နှင့် မြန်မာဇာတ်သဘင်တို့ဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း မွန်ပြည်နယ်နေ့ အခမ်းအနားကို နာမည်ကြီး အဆိုတော် တေးသံရှင်များအား ငှားရမ်းထည့်သွင်း ပြုလုပ်လျှက်ရှိသည်။
“ကျွန်တော်တို့ ဒီအစိုးရလက်ထက်မှာ သံလွင်ဥယျာဉ်မှာ ၅ ရက်လုပ်မယ်၊ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ ၅ ရက်လုပ်သွားမယ်”လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်နေ့သည် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်လာသည့် မွန်ပြည်နယ်၏ နေ့ထူးလည်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များတွင်လည်း မွန်ပြည်နယ်နေ့ အခမ်းအနားကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရသည်။

“ထူးခြားတာက ခါတိုင်းလိုပေါ့နော် ခါတိုင်းဆိုတာ မနှစ်ကလိုပေါ့လေ ပြည်နယ်နေ့ အခမ်းအနားကို ကျွန်တော် မှတ်မိသလောက် ပြောရရင် စက်စဲအထိ သွားလုပ်တာရှိတယ်၊ အဲဒီလို ကျယ်ကျယ် ပြန့်ပြန့်လုပ်တယ်၊ ပွဲတော် ဆိုတော့ သူတို့ သက်ဆိုင်ရာ ဆိုင်ခန်းတွေရှိမယ်၊ သူတို့ကုမ္မဏီက သူတို့လာပြီးတော့ ဆက်စပ်ပြီးတော့ ပြမှာပေါ့၊ ဇာတ်ပွဲကတော့ မွန်ဇာတ်ပွဲနဲ့ ဗမာဇာတ်ပွဲရှိမယ်၊ မွန်ဇာတ်က နှစ်ညရှိမယ်၊ ဗမာဇာတ်က သုံးည ရှိမယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

(၄၁) ကြိမ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ကိုတော့ သံဖြူဇရပ်မြို့၊ စက်စဲကမ်းခြေတွင် ပျော်ပွဲရွှင်ပွဲနှင့် ဂီတပွဲတော်ကို ဇုန် (၄) ဇုန်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ဇုန် (၁) တွင် ကလေးကစားကွင်းနှင့် ကမ်းခြေတွင် ဆော့ကစားနိုင်သည့်ဂိမ်းများ၊ ဇုန် (၂) တွင် ပြည်နယ်ပြခန်း (၃၈) ခန်း၊ ကုမ္ပဏီများ၏ အရောင်းပြခန်းများ၊ မော်ဒယ်လ်ရှိုးများ၊ အကအဖွဲ့များ၏ ဖျော်ဖြေမှုများနှင့် နာမည်ကျော်တေးသံရှင်များ၏ အခမဲ့ဂီတဖျော်ဖြေပွဲများ ပါဝင်ခဲ့ကြောင်း သိ်ရသည်။

၂၀၁၅ ခုနှစ်တွင် မွန်ပြည်နယ်နေ့ အခမ်းအနားကို သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေတွင် ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မုဒုံမြို့နယ် အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့ကာ ယခုနှစ်တွင် မွန်ပြည်နယ်နေ့ အခမ်းအနားကို မွန်ပြည်နယ်၏ မြို့တော် မော်လမြို့င်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မွန်ပြည်နယ်နေ့တွင် ရဟန်းသံဃာ၊ ပြည်သူနှင့် ဌာနဆိုင်ရာတို့ကို ဂုဏ်ထူးဆောင်ဆု ၁၉ ဆု ပေးရန် စီစဉ်ခဲ့ပြီး ယင်းဂုဏ်ထူးဆောင်ဆုအတွက် ကုန်ကျငွေကျပ်သိန်း ၉၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

“ပြည်နယ်ခန်းမှာတော့ တိုင်းရင်းသားရိုး ရာယဉ်ကျေမှု အဖွဲ့တွေက မွန်၊ ကရင်၊ ပအိုဝ်း အကတွေနဲ့ ဖျော်ဖြေမယ်၊ ညနေပိုင်းကိုတော့ သံလွင်ဥယျာဉ်ပန်းခြံမှာ ပြခန်းတွေ လေ့လာနိုင်တယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်နေ့သည် မွန်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသား ပြည်သူပြည်သူအားလုံးနှင့် သက်ဆိုင်သော နေ့တစ်နေ့ဖြစ်ပြီး ရေးဖြေ စာပေပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ ထည့်သွင်း ဖျော်ဖြေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားသော်လည်း အချိန်နီးကပ်နေသောကြောင့် လာမည့် နှစ်တွင်သာ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့မှ ဆပ်ကော်မတီများဖွဲ့စည်းပြီး ယခင်နှစ်ထက် ပိုမို စည်းကားအောင် စီစဉ်ဆောင်ရွက်ဆောင်ခြင်းကြောင့် တစ်ချို့ချို့သော ကိစ္စရပ်များကို အစီအစဉ်များဖြစ်သာ ပြုလုပ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

“ဇာတ်သဘင် ငှားတာကတော့ လုပ်ငန်းရှင်က ငှားတာမဟုတ်ဘူး။ ကျွန်တော်တို့ ဆပ်ကော်မတီက ငှားတာ။ စက်ပစ္စည်းတို့ တီးဝိုင်းပစ္စည်းတို့ ဒီမှာတစ်ညကို ခြောက်သိန်းလောက်ကုန်မယ်။ ၅ ညဆို သိန်း ၃၀ ပဲ၊ ဒါကတော့ စက်ပစ္စည်းကြီးပဲ။ တစ်ချို့ဆပ်ကော်မတီ အားကစားဆိုရင် ၅၅ သိန်းကုန်တယ်။ ၅၅ သိန်းက ဒီက ပြည်နယ်က ဘတ်ဂျတ် မဟုတ်တော့ဘူး။ ပို့ဆောင်ရေးဆိုရင်လည်း သူတို့ဌာနက သူတို့ စိုက်ပြီးတော့ သူတို့ အကုန်ကျခံပြီးတော့ လုပ်တယ်။ တစ်ချို့ဟာတော့ သူ့ဘတ်ဂျတ်နဲ့ သူသွားတယ်။ ပြခန်းဆိုရင်လည်း ကျွန်တော်တို့က အခန်းလေးပဲ ပေးထားမယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်စိုးရအဖွဲ့မှ တာဝန်ယူ စီစဉ်ဆောင်ရွက်လျက်ရှိပြီး အခမ်းအနား ပြုလုပ်ကျင်းပပြီးသည်အထိ ခန့်မှန်းကုန်ကျမည့်ငွေ သိန်း ၅၀ဝ ကျော်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

“ဘတ်ဂျတ်ကို အတိအကျချပြီးတော့ သုံးတာ မရှိပါဘူး၊ သူ့ရဲ့ ဆပ်ကော်မတီတွေ သက်ဆိုင်ရာ ကော်မတီတွေ ရှိတယ်၊ အဲဒီကော်မတီကို တက်လာတဲ့ငွေတွေကို အသုံးပြုသွားမယ်၊ လျာထားချက်တွေ ဘာတွေ ဥပမာ သိန်း ၃၀ဝ တို့ ဘာတို့ အဲဒီလိုတော့ မရှိဘူး”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်နေ့ အခမ်းအနားသည် ယခင်အစိုးရလက်ထက်၌ ၃ ရက်အထိသာ ပြုလုပ်ကျင်းပခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှာ ထူးထူးခြားခြားဖြစ်အောင် ပွဲဇာတ်သဘင်များဖြင့် စီစဉ်ထားဆောင်ရွက်ထားရှိပြီး နိုင်ငံတော်သမ္မတထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ဖို့နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တောင်းဆိုထားကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က “ဒီနှစ်ကတော့ အချိန် အရမ်းကပ်တယ်၊ ပြီးခဲ့တဲ့ရက်ကပဲ အစည်းအဝေး ဆုံးဖြတ်ချက်ချရတယ်၊ စာပေပြိုင်ပွဲတွေ ဘာတွေကိုကတော့ မစီစဉ်လိုက်နိုင်ဘူး ဖြစ်သွားတယ်၊ နောက်နှစ်ဆိုရင် ဒီထက်ပိုစည်းကာအောင် လုပ်ဆောင်သွားမယ်”ဟု ပြောဆိုသည်။

Written by – ခေတ်မင်း

Leave a Reply