Advertisements

တောင်ကြီး၊ အောက်တိုဘာ ၃၁ ရက်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးတန်ဆောင်တိုင် (၅)ရက်မြောက်ညတွင် မီးပုံပျံပျက်ကျမှုကြောင့် ထိခိုက် ဒဏ်ရာရသူများကို အချိန်မီဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် သေဆုံးသူမရှိခဲ့ကြောင်း တောင်ကြီး မီးပုံးပျံ ကွင်းအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်းမှ သိရှိရသည်။

တောင်ကြီးတန်ဆောင်တိုင် (၅)ရက်မြောက်နေ့ အောက်တိုဘာ ၃၀ ရက်၊ ညပိုင်းက မီးပုံပျံပျက်ကျမှုကြောင့် လူ သေဆုံးမှုမရှိဘဲ ဒဏ်ရာရသူ(၁၁)ဦးရှိခဲ့ပြီး စိုးရိမ်ရသူ (၆)ဦးကိုသာ ဆေးရုံပို့ပေးခဲ့ရကြောင်း အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု ဆေးပေးခန်းမှ သိရသည်။

“လူမသေပါဘူး။ (၆)ယောက်တော့ ဆေးရုံပို့ရတယ်။ (၅)ယောက်က ပွန်းပဲ့ရုံလောက်မို့ ဒီမှာပဲဆေးကုပြီး အိမ် ပြန်ခိုင်းလိုက်တယ်။”ဟု ကျန်မာရေးစောင့်ရှောက်မှုဆေးပေးခန်းရှိ တာဝန်ကျ ပြည်နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ဦးအောင်ကျော်မြင့်က ပြောသည်။

ပျက်ကျသည့် မီးပုံးပျံတွင် တူခေ်းတီး (ညမီးကြီး) အမည်ရှိပြီး အမြင့်ပေ (၂၀၀)ဝန်းကျင်မှ ကွင်း၏ အနောက် မြောက်ထောင့် ပျံကျဈေးသည်တန်းအနီးရှိ ကွမ်းယာဆိုင်ပေါ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

မီးပုံးပျံပျက်ကျမှုကြောင့် ကျောနှင့် ခါးအောက်ပိုင်း မီးလောင်ဒဏ်ရာရသူ (၂)ဦးရှိပြီး ကျန်(၄)ဦးမှာ ခြေထောက် မီးလောင်သွား သူများလည်းပါရှိကာ ဈေးသည်သားအမိ၏ ကွမ်းယာဆိုင်ပေါ်ကျရောက်ခဲ့ခြင်းကြောင့် ဈေးဆိုင်ရှိ ကလေးတစ်ဦးတွင် ထိခိုက်မှုအနည်းငယ်ပိုသွားကြောင်း ကျန်မာရေးစောင့်ရှောက်မှုဆေးပေးခန်းမှ သိရသည်။

“မစိုးရိမ်ရတော့ဘူး။ စကားပြောနေပါပြီ။”ဟု မီးလောင်ဒဏ်ရာရ ကွမ်းယာရောင်းသူ ဒေါ်အေးသိန်း၏ မိသားစုဝင်က ပြောသည်။

တောင်ကြီး မီးပုံးပျံပွဲကို တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဆေးရုံများက တစ်လှည့်စီ ဆရာဝန်၊ သူနာပြုအစုံဖြင့် တာဝန်ကျစောင့်ကြပ်ပေးလျက်ရှိပြီး ညပိုင်းတွင် ကြက်ခြေနီ အင်အား(၄၀)ဖြင့် တာဝန်ယူစောင့်ရှောက်မှု ပေးနေကြောင်း ပြည်နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ဦးအောင်ကျော်မြင့်က ပြောသည်။

Written by – MMK

Advertisements
<

Leave a Reply