Advertisements

ရွှံ့မြေများ၊ နေအိမ် အပျက်အစီး ပုံများ ဘက်ဟိုးကြီးနှင့် လှုပ်လှုပ်ရှားရှားဖြစ်နေသော လူအုပ်ကြီး၏ နဘေးဆရာဝန်များက ဆေးကုသပေးနေသည်။ ထိုသို့ ဆေးကုသမှုခံယူနေသူများထဲတွင် ဦးကရင် တစ်ယောက်လည်းပါသည်။

သြဂုတ်လ ၉ ရက်နေ့ မနက်တွင်ဦးကရင် မနက်ဝမ်းစာ ဖြည့်တင်းပြီး လက်ဖက်ရည်ဆိုင်မှ အပြန် မိုးသည်းထန်စွာရွာသွန်းမှုများ လျှပ်စီးကြောင်းများနှင့်အတူ ပေါ်လာသော မိုးခြိမ်းသံများကြား အိမ်သို့ လမ်းလျှောက်ပြန်လာသည်။ထိုအချိန်တွင် သူ မြင်တွေ့ခဲ့ရသော အဖြစ်အပျက် တစ်ခုကြောင့် ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။

ဦးကရင်မြင်ခဲ့ရသည့်မြင်ကွင်းက၎င်းအိမ်အပြန် လမ်းတစ်လျှောက်တွင်ရှိသည့် ဥတ္တရာ ရာမဘုန်းတော်ကြီးကျောင်းတိုက်၏ အုတ်တံတိုင်းက ရေထိုးနေသည့်အတွက် ပြိုကျနေသည်ကိုမြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုမြင်ကွင်း မြင်တွေ့ရပြီးနောက် ဘေးမှ ပြောလာသော စကားတစ်ခွန်းကိုလည်း ဦးကရင် ကြားနေရသည်။

ထိုအချိန်တွင်  မိုးအလွန်အမင်း ရွာသွန်းနေသောကြောင့် လမ်းနဘေး ရပ်နားထားသည့် ကုန်တင်ကားတစ်စီးမှ ကားသမားတစ်ဦးက   “ရေတွေနောက်ကျိနေတယ်။ တောင်ပြိုမလားမသိဘူး” ဟု ပြောဆိုနေသံကို ဦးကရင်ကြားလိုက်ရခြင်း ဖြစ်သည်။

ထို့နောက် ဦးကရင်က   “ကျွန်တော်က ဒီတောင်ကုန်းကို ကြည့်လိုက်တော့ တောင်ကုန်းကြီးက ပါးစပ်ကြီးဟပြီး တော့ အက်လာတယ်။ အဲဒီအချိန်မှာမိုးကြိုးတွေပစ် မိုးတွေရွာ အဲဒီဟာက  ဟလာတာ ကျွန်တော်မျက်စိနဲ့ကြည့်နေတာ ပိတ်ရုံတောင်မရှိဘူးဗျား ဝေါကနဲ ဆိုပြီးတော့ ပြိုကျလာတယ်”ဟု  ဦးကရင် တစ်ယောက် ပေါင်မြို့နယ်၊
သဲဖြူကုန်းကျေးရွာအနီး မလတ်တောင်ပြိုကျမှု ဖြစ်စဉ်ကို သူမြင်တွေ့ ရသည့်အတိုင်း ပြန်ပြောင်းပြောသည်။

တောင်မြေပြိုသည်ကို မြင်တွေ့ခဲ့ရသည့် ဦးကရင် တစ်ယောက်ကိုယ်လွတ်ရုန်းပြေးရုံမျှသာတတ်နိုင်ခဲ့သည်ဟုဆိုသည်။ ထိုသို့ ပြေးနေစဉ် နောက်ပြန်လှည့်ကြည့်သည်အခါ သူ၏ နေအိမ်သာမက အိမ်နီးချင်းများ နေအိမ်များပါ မြေကြီးအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးကရင် ပြန်ပြောင်းပြောပြသည်။

ဦးကရင် ပိုင်ဆိုင်ထားသောခြံဝန်းထဲတွင် မိသားစု (၄) စုနေထိုင်ကြပြီးအားလုံးစုစုပေါင်း (၁၅) ဦးရှိကာဦးကရင်နှင့် ဦးကရင်သားတစ်ယောက်(၂) ဦးသာ လွတ်မြောက်ခဲ့ပြီး မိသားစု(၁၃) ဦး အသက်ဆုံးရှုံးသွားလေသည်။

ထို့ပြင် ဦးကရင် ပိုင်ဆိုင်ထားသော မျက်မြင်ကိုယ်တွေ့ပစ္စည်းများမှာလည်း ကားတစ်စီး၊ ဆိုင်ကယ်အစီး(၂၀)၊ ကြက်ရုံ (၁၅၀၀) နှစ်ရုံနှင့် နွား(၁၈) ကောင်တို့ကိုလည်း ဆုံးရှုံးခဲ့ရသည်။

သြဂုတ်လ ၉ ရက်နေ့ မနက် ၇ နာရီကျော်ကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ပေါင်မြို့နယ်၊ သဲဖြူကုန်း ကျေးရွာမှာ “မလတ်တောင်” ပြိုကျမှုကြောင့် လူများအစုလိုက် အပြုံလိုက်သေဆုံးခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် အဆောက်အအုံများလည်း မြေနီနှင့် ကျောက်တုံးများ ဖုံးပိခံခဲ့ရသည်။

တောင်ပြိုကျမှုကြောင့် အသက်ရှင်ကျန်ရစ်သူများရှိသကဲ့သို့ အသက်ဆုံးရှုံးသွားသည့် မိသားစုဝင်များလည်း ဒုနှင့်ဒေး ရှိနေလေသည်။

“အဲဒီမှာက မြေပြင်တစ်လုံးဖြစ်သွားတယ်။ ပြောင်လက်နေတာပဲ၊ အိမ်တွေ ဘာတွေ ဘာမှမတွေ့ရတော့ဘူး”ဟု ဦးကရင်က ပြောသည်။

သြဂုတ်လ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၈ ရက်တာကာလအတွင်း စက်ယန္တရားများနှင့်အတူ လူမှုကယ်ဆယ် ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ ရှာဖွေရာတွင် အလောင်း ၆၄ လောင်းရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရထားသူများ  ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အတွင်းမှာပင် ၂ ဦး  ထပ်မံသေဆုံးသွားခဲ့သည့်အတွက် စုစုပေါင်း၆၉ ဦး ရှိပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဦးကရင်တို့ ရပ်ကွက်အစုလေးအတွင်းနေထိုင်ကြသူအများစုမှာ  အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြသည်။ ဦးကရင်၏ အစ္စလာမ် ဘာသာဝင်အိမ်နီးချင်းများ၏ နေအိမ်များမှာလည်းတောင်ပြိုမှုနှင့်အတူ မြေအောက်သို့ ရောက်သွားခဲ့ရသည်။

ထို့အတူ ထိုရပ်ကွက်အစုလေးတွင် နေထိုင်သော အစ္စလာမ်ဘာသာ ဝင်အများအပြား သေဆုံးခဲ့ရပြီး ကျန်ရစ်သူမိသားဝင်များ လည်း သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏အထွတ်အမြတ်ထားရာ အီးဒ်ပွဲတော်နှင့်လည်းလွဲခဲ့ရလေသည်။

“ပွဲတော်ရက်ကို ကျွန်တော်တို့ မမီလိုက်တဲ့အတွက် စိတ်တော့ မကောင်းဘူး။ ပွဲတော်ရက်ကို မလုပ်လိုက်ရဘူး။ဒီမှာက မိသားစုတွေ ဆုံးရှုံးသွားတယ်။ပွဲတော်ကို မကျင်းပရတဲ့အတွက် ခံစားရတယ်”ဟု ဦးကရင်က ပြောသည်။

တောင်ပြိုကျမှုကြောင့် မိသားစုဆွေမျိုးအသိုင်းအဝိုင်းများ အသက်ဆုံးရှုံးသွားရသည့်အတွက် အားလုံးကဝမ်းနည်းသည့်အနေဖြင့်အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်ပွဲတော်ကို သဲဖြူကုန်းကျေးရွာတွင် မကျင်းပခဲ့ကြောင်းသဲဖြူကုန်းကျေးရွာဒေသခံ ဦးတင်ဆွေက ရှင်းပြသည်။

“ကျွန်မက ဘာမှမလုပ်ရဘူး။ ဆေးရုံနဲ့ အိမ်နဲ့ ကလေးကို ရှာရင်းနဲ့အချိန်ကုန်သွားတယ်။ ဟိုလူပြော ဟိုဘက်သွားလိုက်၊ ဒီလူပြော ဒီဘက်သွားလိုက်နဲ့ အရူးတစ်ယောက်လိုဖြစ်နေတယ်။ ကလေးလည်း ပြန်မတွေ့သေး”ဟု ဒေါ်စံပယ်က ပြောသည်။

တောင်ပြိုသည့်ရက်မှစ၍ ယနေ့အချိန်ထိ အလောင်းများကို ရှာဖွေနေသော်လည်း သြဂုတ်လ ၁၃ ရက်မှ စ၍သြဂုတ်လ ၁၆ ရက်အထိ သုံးရက်တိုင်တိုင် အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေ။

သို့သော် တောင်ပြိုကျမှုဖြစ်စဉ်ထဲတွင် ပါဝင်နေသော အိမ်ထောင်စုစာရင်းဇယားများအရ ပျောက်ဆုံးနေသူများရှိနေပြီး ယင်းပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကာ ဒေသခံတို့ ညွှန်ပြထားသည့်နေရာများကိုလည်း ဆက်လက်ရှာဖွေနေဆဲပင်ဖြစ်သည်။

“ကျွန်တော်တို့ ကြည့်တဲ့အချိန်မှာ အရိုးတွေ တွေ့တယ်။ အရိုးတွေတွေ့ရှိထားတော့ အခုချိန်ထိတော့  ရှာဖွေနေဆဲပါ။ ဒါပေမယ့် လူဖြစ်ချင်လည်း ဖြစ်မယ်။ တိရစ္ဆာန်ဖြစ်ချင်လည်း ဖြစ်မယ်။ ဒေသခံတွေရဲ့ ညွှန်ကြားချက်အပေါ်မှာ ဒီမီးသတ်တပ်ဖွဲ့ရဲ့ ပညာရှင်တွေ ဆန်းစစ်ချက်အပေါ်မှာ အခုလက်ရှိအချိန်ထိ  ရှာဖွေနေဆဲပါ”ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်မှ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ဇော်ထူးက ပြောသည်။

လက်ရှိ သြဂုတ်လ ၁၆ ရက်နေ့အထိ ရဲတပ်ဖွဲ့၊ ဆည်မြောင်းဌာန၊ လမ်းဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအပါအဝင် ဌာနပေါင်းစုံမှ စုစုပေါင်း ဝန်ထမ်း ၁၃၇ ဦး၊ လက်ရှိအချိန်ထိဆက်လက်ရှာဖွေဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လောလောဆယ်တော့ စာရင်းဇယားအရတော့ ပျောက်ဆုံးစာရင်းတော့ နည်းနည်းရှိနေတယ်။ တတ်နိုင်အောင် ကျွန်တော်တို့ကို ပြန်လည်ဆက်သွယ်လာနိုင်အောင် ကြိုးစားနေတာပေါ့နော်။  အပြင်မှာပဲ ရောက်သွားလား၊ ဒီအထဲမှာပဲ ရှိနေလားဆိုတာတော့ ပျောက်ဆုံးစာရင်းကတော့ ကွာခြားမှုရှိနေတယ်။ အဲဒီအတွက်ကိုအပြင်က သတင်းတွေကို အမြန်ဆုံးပေးပို့ဖို့ နှိုးဆော်ထားတယ်”ဟု ဦးဇော်ဇော်ထူးက ဆက်လက်ပြောကြားသည်။

တောင်ပြိုကျမှုကြောင့် လူများအစုလိုက်အပြုံလိုိက်သေဆုံးခဲ့ရသည့်အတွက် လူမှုအသိုင်းဝိုင်းများတွင်  ဝေဖန်မှုများရှိလာ၍ ယင်းဖြစ်ပေါ်လာသည့် နောက်ကွယ်က အကြောင်းအရင်းများကိုလည်း  မေးခွန်းများထုတ်နေကြသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တောင်ခြေအနီးအနားတစ်ဝိုက်နေထိုင်နေသူအများစုက တောင်ခြေများကို ညှိကာ တူးဖော်ထားကြသည်။ ယင်းကြောင့် တောင်ကြောပျက်စီးပြီး ပြိုကျခဲ့ကြောင်းကိုလည်း ထောက်ပြပြောဆိုနေသူများရှိနေသကဲ့သို့ကျောက်မိုင်းကြောင်  တောင်ကြောများ ပျက်စီးကာပြိုကျခဲ့ကြောင်းကိုလည်းထောက်ပြပြောဆိုနေသူများ ရှိနေပြန်သည်။

“ဒီတောင်အောက်ခြေတွေကိုသူတို့ညှိလိုက်တဲ့အခါကျတော့ဒီတောင်ကမြေကြီးတွေ မရှိတဲ့အခါကျတော့ အခုလိုမျိုး မိုးကြီးတဲ့အချိန်နဲ့ ငလျင်တုန်ခါမှုနဲ့ ရေကထိုးချလိုက်တဲ့အပေါ်မှာ မြေကြီးတွေ တောင်တွေပြိုဆင်းလာတာ အဓိကကအဲဒီအတွက်ကြောင့်”ဟု သဲဖြူကုန်းကျေးရွာ ဒေသခံများက ပြောသည်။

ပေါင်မြို့နယ်၊ ကားလမ်းတစ်လျှောက် အိမ်ခြံ၏ အနောက်ဘက်တွင်တောင်ခြေအများစုကို တူးပြီး မြေညှိထားသည်မှာ မြင်တွေ့ရသည်။

“ဒီခြံတွေ တောင်ခံထားတဲ့အပေါ်မှာ ဒီအနောက်ပိုင်းကို ခြံပိုင်ရှင်တွေက မြေရောင်းစားတာ၊ မြေရောင်းတာကို ပြောမယ်ဆိုတော့ တောင်တွေကို ညှိလိုက်တာ တောင်ကြောတွေကို ဖြတ်လိုက်တာ” ဟု ဒေသခံများက ဆိုလေသည်။

ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ ကျောက်မိုင်းလုပ်ကွက်များကြောင့် တောင်များ ပျက်စီးသွားခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးသွားခြင်းများရှိနေသည့်အပေါ် ကျောက်မိုင်းလုပ်ငန်းများကို ကန့်ကွက်နေသည့် ဒေသခံများလည်း ရှိနေသည်။

ယင်းထောက်ပြဝေဖန်နေမှုများနှင့် ပတ်သက်၍ တောင်ကြောတွင် မိုးရေစိမ့်ဝင်မှုများခြင်း၊ သစ်ပင်ကြီးများမရှိခြင်း၊ မြေသားများက ရွှံ့မြေဖြစ်လာသည့်အတွက် မိုးရေချိန် ၃၀ လက်မခန့်ခံစားရသည့်အချိန်မှာ တောင်ကပဲ့ကျသွားခြင်းဖြစ်ကြောင်းမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

“ဒီတစ်မိုင်ပတ်ဝန်းကျင်မှာကျောက်မိုင်းတွေမရှိတဲ့အတွက် ကျောက်မိုင်းကြောင့်လည်း အတတ်မပြောနိုင်သလို မြေတူးတာလည်း ဒီအနားတောက်လျှောက် မြေတူးတဲ့နေရာ မဟုတ်ဘဲနဲ့ပညာရှင်တွေ အမြင်အရ ကျွန်တော်ပြောရမယ်ဆိုရင် ရေစိမ့်ဝင်မှုအားများပြီး တောင်ပဲ့ကျလာလို့  ပညာရှင်တွေက ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

“မလတ်တောင်” ပြိုကျပြီးနောက်တွင် တောင်ကြောတစ်လျှောက် ဆန်းစစ်နေကြစဉ် တောင်များ အက်ကြောင်းများရှိနေကြောင်း ပြောဆိုနေကြသည်။

ထို့ပြင် ကျွဲခြံကုန်းကျေးရွာတွင်လည်း တောင်အနည်းငယ်ပြိုကျပြီး ဒေသခံများက တောင်ပေါ်သို့ တက်ကြည့်ရာအက်ကြောင်းဖြစ်ပေါ်နေသည်ကို မြင်တွေ့ခဲ့ရသည့်အတွက် တာဝန်ရှိသူများက ပြောင်းရွှေ့ရန် ညွှန်ကြားထားသည်။

သြဂုတ်လ ၁၃ ရက်က “မလတ်တောင်”၏ ၁ ကီလိုမီတာပတ်ဝန်းကျင်ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအဖွဲ့၊  ဘူမိဗေဒပညာရှင်များက လာရောက်စမ်းသပ်မှုပြုလုပ်ခဲ့ပြီး သမ္မတထံတိုက်ရိုက်အစီရင်ခံသွားမည်ဟု ပြောဆိုထားကြောင်း ဦးဇော်ဇော်ထူးက ဆိုသည်။

“ဒါပေမယ့် ကျွန်တော်ကပြောတယ်။ ကျွန်တော်တို့က ဒေသခံဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒေသရဲ့ နယ်မြေအနေအထားကိုအကြမ်းဖျင်းလေးနည်းနည်းပြောပြပါလို့ ပြောတော့ သူတို့က နည်းနည်းလေး ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့ ဒီအပေါ်မှာအက်ကြောင်းတွေ့တယ်ဆိုတဲ့နေရာမှာ သူတို့သွားကြည့်တယ်။

အက်ကြောင်းမဟုတ်ဘဲနဲ့ရေလမ်းကြောင်းပေါ့နော်၊ ရေမအိုင်အောင် ရုတ်တရက်ပြိုဖို့ မလွယ်ဘူးဆိုတဲ့ဟာကို သူတို့ ရေလမ်းကြောင်းတွေ ဖောက်သွားပေးလိုက်တယ်။ ကျောက်တောင်ရဲ့ အခြေအနေက လက်ရှိအခြေအနေမှာ မပြိုကျနိုင်ဘူး။ ပြိုကျလာရင်တောင်မှ လက်ရှိမြင်နေတဲ့ ဘန်နှစ်ထပ်က ခံထားတဲ့အတွက် အောက်မြေသားတွေဆီ တိုက်ရိုက်မရောက်နိုင်ဘူးဆိုတာကို သူတို့ဘက်က ပြောသွားပါတယ်”ဟု ဦးဇော်ဇော်ထူးက ပြောသည်။

အက်ကြောင်းများဟု ထင်မြင်ယူဆထားရသည့် တောင်ကြောတစ်လျှောက်လုံးကို အပြည့်အဝ မစမ်းသပ်ရသေးကြောင်း လက်ရှိစမ်းသပ်ထားသည့်နေရာမှာ ပြိုကျထားသည့်တောင်၏ ၁ ကီလိုမီတာပတ်ဝန်းကျင်သာဖြစ်ပြီး စမ်းသပ်ထားသည့် ၁ ကီလိုမီတာ ပတ်ဝန်းကျင်တွင် ပညာရှင်တို့၏ အမြင်အရ အန္တရာယ်မရှိနိုင်ကြောင်း၎င်းက ဆိုသည်။

“လက်ရှိအချိန်မှာ မိုးရေချိန် ၁၀ လက်မအောက်ဆိုရင် မစိုးရိမ်ရဘူးလို့ပြောလို့ရပါတယ်”ဟု ဦးဇော်ဇော်ထူးက ဆက်လက်ပြောဆိုသည်။ အသက်ရှင်လျက်ကျန်ရှိနေသူများမှာ  မိသားစုဝင်များပါ ဆုံးရှုံးသွားရုံသာမက နေအိမ်များ ပျက်စီးခြင်း၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးခြင်းများလည်း ခံခဲ့ရသည်။ မည်သို့ ရှေ့ဆက်ရမည်ကို မစဉ်းစားနိုင်ကြသည့်အပြင် လက်ရှိဆုံးရှုံးသွားရသည့် မိသားစုအတွက်ကိုသာဝမ်းနည်းနေကြရကြောင်း အသက်ရှင်ကျန်ရစ်သူများက ဆိုလေသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အချိန်တွင် ပျက်စီးသွားသော အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရ၏ ပံ့ပိုးမှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ဆာင်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထားကြောင်း ၎င်းက ဆိုသည်။

“လက်ရှိ ပညာရှင်တို့ရဲ့ အပြီးသတ်အစီရင်ခံစာမရောက်သေးတဲ့အတွက် ဒီနေရာမှာ ဖြစ်မလား၊ ပြင်ပနေရာမှာ ဖြစ်မလားဆိုတာကတော့ လူထုတွေကလည်း ဒီနေရာမှာ  ပြန်နေချင်တယ်။ အန္တရာယ်လည်း မရှိဘူးဆိုတော့ ဒီနေရာကို ပြန်ပေးဖို့လည်း အခက်အခဲမရှိပါဘူး။ ဒါပေမယ့်လည်းအန္တရာယ်ရှိတဲ့နေရာမှာ လူထုကို ပြန်မနေစေချင်တာက သေချာပါတယ်”ဟု ဦးဇော်ဇော်ထူးက ပြောသည်။

သို့သော် ထိုတောင်ပြိုကျပြီးစက္ကန့်ပိုင်းအတွင်း သူ၏ မိသားစုဝင်များနှင့် ပိုင်ဆိုင်မှုအားလုံးဆုံးရှုံး သွားလိမ့်မည်ကို ဦးကရင် တစ်ယောက်ကြိုတင်မသိခဲ့သလို ယခုချိန်ထိ မယုံနိုင်သေး။

လက်ရှိအချိန်တွင် ဦးကရင်တစ်ယောက် မိသားစုဝင် (၁၃) ဦးကို ဆုံးရှုံးရသည့်အပြင် ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများပါ ဆုံးရှုံးခဲ့ရသည်။ ဦးကရင်ကဲ့ သို့ဆုံးရှုံးမှုများ နှင့် ကြုံတွေ့ခဲ့ရသော မိသားစုဝင် ၂၇ စု ရှိခဲ့သည်။

ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ဦးကရင်က  “အခုဖြစ်သွားတာကို  ကျွန်တော်ပြောလို့မတတ်အောင်ဖြစ် နေတယ်။ အခုတော့ ကျွန်တော် အစ်ကိုဝမ်းကွဲ အိမ်မှာ နေနေပါတယ်”ဟုဆိုလေသည်။

ရွှေရိုး

Advertisements
<

Leave a Reply