မော်လမြိုင်၊ ဇွန်

ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ စီမံကြီးကြပ်မှုအောက်ဝင်ရောက်ထားခြင်းမရှိသေးသည့်တောင်တက်ယာဉ်များကို ယ.ထ.က ကြီးကြပ်မှုအောက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဇွန် ၁၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်၊ ခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ် မွန်ပြည်နယ်လွှတ်တော်တွင် ပြဋ္ဌာန်းထားသော ပုဂ္ဂလိက ယာဉ်လိုင်း စနစ်တကျပြေးဆွဲရေး ဥပဒေအရ လိုက်နာဆောင်ရွက်မှု မရှိသေးသည့် တောင်တက်ယာဉ်များအား စနစ်တကျ ဥပဒေဘောင်အတွင်းဝင်ရောက်စေရေးအတွက်ခေါ်ယူညှိနှိုင်းသည့်အစည်းအဝေးဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထိုဆွေးနွေးပွဲတွင် ယ.ထ.က  လက်အောက်အတွင်းဝင်ရောက်မှုမရှိသေးသည့် ပေါင်မြို့နယ် ဇင်းကျိုက်ခြင်္သေ့ရာဇာ တောင်တက်အသင်း၊ ဘီးလင်းမြို့နယ်ရှိကေလာသတောင်တောင်တက်အသင်း ကျောက်ပိစေတီတော် တောင်တက်ယာဉ်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဇင်းကျိုက်ခြင်္သေ့ရာဇာတောင်တက်အသင်းမှ ယာဉ် ၂၅ စီး၊ ကေလာသတောင် တက်အသင်းမှ ၈ စီးနှင့်ကျောက်ပိစေတီတောင်တောင်တက်ယာဉ် ၆၀ ကျော်ရှိသည်ဟု သိရသည်။

၂၀၁၈ ခုနှစ်တွင် နွားလပို့တောင်တက်ယာဉ်နှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး နွားလပို့တောင်ယာဉ်လိုင်းမှမှတ်ပုံတင်ပြီဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည့်အတွက်ယာဉ်လိုင်းများနှင့် ခရီးသွားများ ဥပဒေ၏ အကာအကွယ်ရရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“ဥပဒေရဲ့အကာအကွယ်ကို ယာဉ်လိုင်းက ရဖို့လိုသလို ခရီးသွားတဲ့သူတွေကလဲရဖို့လိုတယ်ခရီးသည်တွေရဲ့ အန္တရာယ်ကင်းမှုလည်း အရေးကြီးတယ်”  ဟု၎င်းကဆိုသည်။

ထို့အပြင် ယာဉ်လိုင်းများအနေဖြင့် ဥပဒေအတိုင်းမှတ်ပုံတင်မှု၊ အာမခံထားမှု အခွန်ဆောင်မှုတွေ စနစ်တကျဖြစ်လာစေဖို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ထပ်လောင်းပြောသည်။

တောင်တက်ယာဉ်များတရားဥပဒေအတိုင်းဖြစ်စေရေးနှင့် ဥပဒေအကာအကွယ် ရရှိစေရေးအတွက် ယာဉ်လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ လက်အောက်သို့ ဝင်ရောက်သင့်ကြောင်း ဇင်းကျိုက်ခြင်္သေ့ရာဇာ တောင်တက်ယာဉ်အသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

“ယထက လက်အောက်ထဲ တချို့မဝင်ရောက်ရသေးတဲ့ ကားတွေက မနှစ်က ဘီးလင်းမှာ ကားမှောက်ထားတယ်၊ ကျန်တဲ့ကားတွေလည်းဖြစ်မှာကြောက်လို့ အစည်းအဝေးခေါ်လို့ လာတက်တာ” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။

ယင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့နှင့် ကော်မတီအဖွဲ့ဝင်များ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ ပြည်နယ် ယထက နှင့်မော်
တော်ယာဉ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply