တောင်ပိုင်းဒေသရေကြီးပြီးနောက်

သံလွင်မြစ်ရေမှာ နှစ်ပေါင်း ငါးဆယ်ကျော်ကာလအတွင်း အမြင့်ဆုံးရေမှတ်သို့ ရောက်ရှိခဲ့သည်။

အတိအကျဆိုရလျှင် ဇူလိုင်လ  ၃၀ ရက်နံနက်ပိုင်းတွင် ၉၃၈ စင်တီမီတာဖြင့် ၅၃ နှစ်အတွင်း စံချိန်ချိုးလိုက်ခြင်းပင်။ ယင်းအချိန်တွင် မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၆)ပေခန့် ကျော်လွန်နေခဲ့လေသည်။

ထိုနေ့မှာပင် ကရင်ပြည်နယ်ပြင်ပရှိ ဘီးလင်းမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်တို့မှာလည်း မြို့အသီးသီး၏ စိုးရိမ်ရေမှတ်အထက်တွင် တည်နေသည်။

ဘီးလင်းမြစ်ရေက တောင်ကျရေနှင့် ပေါင်းကာ ရန်ကုန်-မော်လမြိုင် လမ်းပန်း ဆက်သွယ်မှုကို လေးရက်တာ ခါးဆက်ပြတ်စေခဲ့သည်။ ရထားလမ်းမှာမူ သြဂုတ် ၃ ရက်ထိမဖွင့်နိုင်သေးပါ။

တနင်္သာရီမြို့နယ်တွင် ရေဘေးသင့်သူ ၁၀၀၀ ကျော် ခိုလှုံနေဆဲ

ထားဝယ်၊ သြဂုတ် ၃တနင်္သာရီမြို့နယ်အတွင်းရှိ ရေဘေးသင့်သူ ၁၀၁၃ဦးမှာ သြဂုတ်လ ၃ရက်နေ့ထိ နေအိမ်ကို ယာယီစွန့်ခွာလျက် ကယ်ဆယ်ရေးစခန်း၈ခုတွင် ခိုလှုံနေဆဲဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေ က ပြောသည်။

“ရေဘေးသင့်လူ ထပ်တိုးလာတာတေ့ာမရှိဘူး၊ (တနင်္သာရီမြစ်) ရေက ၂၂ ပေ၇လက်မ တိုးနေတယ်”ဟု ၎င်းက ဆိုသည်။

တနင်္သာရီမြို့နယ်တွင်ဇူလိုင်လအတွင်း ရေကြီးရေလျှံမှု ကြောင့်၂၀၆၃၄ဦးရေဘေးသင့်ခဲ့ကြောင်း၊ ကနဦးဖွင့်ခဲ့သောကယ်ဆယ်ရေးစခန်း၁၁ခုနှင့်နီးစပ်ရာဆွေမျိုးအိမ်များသို့ပြောင်းရွှေ့နေထိုင်သူ ၆၀၀၉ဦးရှိရာမှ ဇူလိုင်လကုန်တွင် ရေ ကျလာခြင်းကြောင့် အချို့မှာ ယင်းတို့နေအိမ်များတွင်ပြန် လည်နေထိုင်ခဲ့ကြကြောင်း၎င်းထံမှ သိရသည်။

ယင်းသို့ရေကြီးရေလျှံမှုကြောင့်တနင်္သာရီမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၇အုပ်စုတွင် တောင်သူ၄၈၆ဦး၏လယ် ဧက၂၀၇၃ဧကရေနစ်မြုပ်ခဲ့သည်ဟုတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လတွင် တိုင်းအတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် တနင်္သာရီမြို့နယ်ရှိပေ၉၀အရှည်၊ဒါးသွေးချောင်းတံတား ရေလယ်တိုင် ၁တိုင်းအုတ်ခုံရေတိုက်စားခံရခြင်း၊ထားဝယ် မြို့နယ်ရှိ၁၅၅ပေအရှည်ရှိသောကင်းကုန်းတံတားရေလယ်တိုင်၃တိုင်ရေတိုက်စားခံရပြီး နိမ့်ကျခြင်းတို့ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

ဒါးသွေးချောင်းတံတားကို မူလ တည်ဆောက်သည့်ကုမ္ပဏီက ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး ကင်းကုန်းတံတားကို တံတားအထူးအဖွဲ့(၁၃)က ယင်းနံဘေးတွင် ဘေလီတံတား ၁စင်းကိုပြန်လည်တည်ဆောက်ပေးလျက်ရှိသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းသည့် ဇူလိုင်လ ၃၀ရက်၊ နံနက် ၈ နာရီခန့်အချိန်တွင် ကော့သောင်းမြို့နယ်၊ပုလုံးတုံတုံးကျေး ရွာ၊စွယ်တော်လမ်း၊ရှင်ကြီးမော်ပိုင်းရှိတောင်စောင်းမြေပြိုကျမှုကြောင့် နေအိမ် ၅လုံးပျက်စီးခဲ့ကာ အမျိုးသား ၂ဦး အမျိုးသမီး ၃ဦး သေဆုံးခဲ့သည်၊ ယင်းနေ့ ညနေ၆နာရီခွဲခန့်အ ချိန်တွင် ထားဝယ်မြို့အရှေ့ဘက်ရှိ ဟိန္ဒား သတ္တုမိုင်းတွင် တောင်စောင်းမြေပြို၍ ခဲမိုင်းလုပ်သား ၁ဦး မြေပိသေဆုံး ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

ထားဝယ်မြစ်ဝရှိ ရှင်မော်ဘုရားဝင်းအတွင်း သြဂုတ်လ ၁ ရက်နေ့၊နံနက် ၅နာရီခန့်က အဆောက်အဦ ၂ခု နောက်ဘက်ရှိ တောင်မြေသားပြိုကျမှုဖြစ်ပွားခဲ့သည်။

ထားဝယ်-ထီးခီးလမ်းပိုင်းတွင်လည်း ဇူလိုင်လအတွင်း တောင်ပြိုကျခြင်းတို့ဖြစ်ပေါ်ပြီး မေတ္တာ-ထီးခီးမြေသား လမ်းပိုင်းအချို့မှာ ဆိုးရွားစွာပျက်စီးလျက်ရှိသည်ဟုထား ဝယ်-ထီးခီးမော်တော်ယာဉ်လိုင်းများထံမှ သိရသည်။

ကရင်ပြည်နယ်ရှိ ရေဖုံးလွှမ်းခံ စိုက်ပျိုးဧကများ ပြန်လည်ထူထောင်ရေး အမြန် လုပ်ဆောင်မည်

ဘားအံ ၊ ဇူလိုင်ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ တောင်ကျရေ ဆင်း၊  မြစ်ရေတိုးခဲ့ခြင်းကြောင့် ရေနစ်မြုပ်ခဲ့ရသော တောင်ယာ သီးနှံစိုက်ခင်းနှင့် စပါးစိုက်ခင်းများကို ပြန်လည်ထူထောင်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် အထောက်အပံ့များ အမြန်ဆုံး ကူညီပေးရေး လမ်းညွန်ထားကြောင်း  စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား ရေးမှူး ဦးဝင်းလှိုင်ဦးက ဟင်္သာမီဒီယာကို ပြောသည်။

ပြည်နယ်တွင် နှစ်စဉ် မိုးစပါး စိုက်ပျိုးဧက(၄)သိန်းကျော်ရှိပြီး မြစ်ရေမကြီးမီအချိန်ထိ ဧက(၁၈၅၀၀၀)ခန့် စိုက်ပျိုးပြီးစီး ခဲ့ကြောင်း၊ မြစ်ရေလွှမ်းမိုးမှုခံရသည်မှာ မိုးစပါး(၁၁၁၃၆၃)ဧက ရှိခဲ့ကြောင်း၊ ယင်းအပြင် မိုးအစေ့ထုတ်ပြောင်း(၁၆၇၇)ဧကအပါအဝင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသီးနှံဧရိယာအများအပြား နစ်မြုပ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ပြည်နယ် တစ်ခုလုံးတွင် ရေလွှမ်းမိုးဧက (၅၂၈၉၇)အနက် ရေပြန်ပေါ်ဧက(၄၁၀၃)ရှိပြီး (၄၈၇၉၄)ဧက ကျန်ရှိနေသေးကြောင်း ဇူလိုင် ၂၉ တွင် သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် လိုအပ်သည့် မျိုးစေ့ချစက်၊ မျိုးစေ့ချ ကိရိယာ၊ ပိုးသတ်ဆေးဖျန်းစက်၊ ဆေးဖျန်းပုံးအပါအဝင်  ကော့ကရိတ်ခရိုင်၌ အရန်မျိုးစပါးတင်း(၅၀၀)၊  ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် တင်း(၅၀၀) ၊ မြဝတီမြို့နယ်နှင့် ဘားအံမြို့နယ်တွင်  တင်း (၁၀၀၀)၊ လှိုင်းဘွဲ မြို့ နယ်နှင့် ဖာပွန်မြို့နယ်အတွက် လှိုင်းဘွဲသိုလှောင်ရုံ၌  အရန်မျိုးစေ့ပေါင်း တင်း(၁၀၀၀) ထားရှိပြီး လယ်သမားများအတွက် လိုအပ်သည့် နည်းပညာပေးရေးကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။ရေလွှမ်းမိုး၍ ပျက်စီး ဆုံးရှုံးသွားသည့် သီးနှံ၊ စပါး စိုက်ခင်းများအတွက် စိတ်ပူပင်နေစရာ မလိုဘဲ နီးစပ်ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတိုင်းသို့ အချိန်မရွေး အကြောင်းကြားပါက လိုက်လံ ကူညီပေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ကရင်ပြည်နယ် စိုက် ပျိုးရေးဦးစီးဌာနမှ ပြည်နယ် ဒု-ဦးစီးမှူး ဦးကျော်မောင်မောင်၏ ပြောဆိုချက်အရ ရေမြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများကို အလျှင်မီစေရန် သက်တမ်းတို မျိုးစပါးများဖြင့် အစားထိုး လုပ်ဆောင်ပေးသွားမည်ဟုသိရသည်။”နှစ်ထပ်မျိုးကို ဖားကန့်မှာလည်း စိုက်ဖူးတယ် ခု ဒီဒေသနဲ့လည်း အဆင်ပြေနိုင်တယ်”ဟု ၎င်းက ဆိုသည်။ကရင်ပြည်နယ်၌ စပါးခင်းများ ရေကြီးနစ်မြုပ်၍ အများဆုံး ထိခိုက်နစ်နာမှုများသည် ဘားအံမြို့ ဖြစ်သည်ဟု ပြည်နယ် ဒု-ဦးစီးမှူး ဦးကျော်မောင်မောင်က ဆိုပါသည်။

မိုးစပါးများ ရေဘေးသင့်၍ လယ်သမားများ ထပ်ဖန်တလဲလဲ ပြန်စိုက်နေရ

ချောင်းဆုံ ၊ သြဂုတ် ၁

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ချောင်းဆုံဒေသခံ လယ်သမားအချို့မှာ စိုက်ပျိုးလုပ်ငန်းခွင် ပြီးစီးခဲ့သော်လည်း ရေကြီးနစ်မြုပ်ကာပျက်စီးမှုများရှိခဲ့၍အကြိမ်ကြိမ်ပြန်လည်စိုက်ပျိုးနေကြရကြောင်း ကာယကံရှင်တို့ထံမှ သိရ သည်။

မိုးစပါးကို ယခုလို နှစ်ကျော့ သုံးကျော့ပြန် စိုက်ပျိုးရခြင်း ၊ ပျိုးပင်များကိုအဆင့်ဆင့်ယူဆောင်စိုက်ပျိုးရခြင်း တို့ကြောင့် စရိတ် ပိုမို ကုန်ကျမှုများရှိကြောင်း စပါးဈေးကောင်းရရှိနိုင်မည့်မျှော်လင့်ချက်ကြောင့်သာ ဒုက္ခခံ၍လုပ်ကိုင်စိုက်ပျိုး နေ ခြင်းဖြစ်ကြောင်း ကော့မုပွန်ကွင်းတွင်လယ်ယာလုပ်ကိုင်သူ ဦးထွန်းကြိုင်ကပြောသည်။

“ဇွန်လအစောပိုင်းကတည်းကတစ်ကြိမ်စိုက်ပျိုးပြီးစီးခဲ့တယ် ဇွန်လအလယ်လောက်မှာ ရေကြီးနစ်မြုပ်ပျက်စီးသွားတော့ ရေကျတဲ့အခါပျိုးပင်တွေလိုက်ရှာပြီးပြန်စိုက်တယ် စပါးတွေစိုက်ပျိုးပြီးရုံပဲရှိ သေးတယ် နောက်တစ်ကြိမ်ရေကြီးတာနဲ့ဆုံတော့ ပျက်စီးသွားပြန်တယ် အခုပြန်လည်စိုက်ပျိုးဖို့ပျိုးပင်တွေ လိုက် စုံစမ်းနေဆဲရှာဖွေနေဆဲ ဖြစ်တယ်”ဟု ယင်းက ပြောသည်။

ယင်းသို့ စရိတ်ထောင်းနေသည့်အပြင် ပျိုးထောင်ထားသော စိုက်ခင်းများမှာလည်း ပျိုးသက်ရင့်ခြင်း ၊ရေကြီးနစ်မြုပ်ခဲ့ခြင်းများကြောင့် ပျိုးနုတ်ရန်မလွယ်ကူဘဲ လက်ဝင်သဖြင့် လုပ်သားခ ပိုမို တောင်းခံလာခြင်းအချို့ ကြုံနေရကြောင်း လယ်သမား ဦးစံကျော်ကပြောသည်။

“ပျက်စီးသွားတဲ့စပါးခင်းတွေကိုပြန်လည်စိုက်ပျိုးနိုင်ဖို့ အခုအချိန်မှာပျိုးထောင်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး အနီးအနားကလယ်ကွင်းတွေမှာလည်း ပျိုးပင်တွေမရှိတော့တဲ့အတွက် ချောင်းဆုံ ၊ မုရစ်ကြီး ၊ မုရစ်ကလေး ကျေးရွာလယ်ကွင်းတွေထိ ကုန်းတစ်တန်ရေတစ်တန်ခက်ခက်ခဲခဲနဲ့ရယူစိုက်ပျိုးနေရတယ် ”ဟု ကော့မုပွန် ကွင်းမှလယ် သမား ဦးတောက ဆိုသည်။

ရေနက်ပိုင်းလယ်ကွင်းမှ လယ်သမားများအနေဖြင့် မိုးစပါးကို စိုက်စနစ် ထက် ၊အစေ့တိုက်ရိုက်ချသည့် ကျဲခင်းစနစ်ဖြင့်ပြောင်းလဲစိုက်ပျိုးသင့်ကြောင်းနှင့် ကျဲခင်းစနစ်ကို ဧပြီ ၊ မေ လများကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့်အတွက် ယခုအချိန်တွင် စပါးပင်များရင့်မာနေ၍ ရာသီဥတုနှင့် ရွှေခရုဖျက်ဆီးမှု ဒဏ်တို့ကိုခံနိုင်ရည်ရှိကြောင်း ရေကျနောက်စိုက်စနစ်ဖြင့်လည်းလုပ်ကိုင်စိုက်ပျိုးသင့်ကြောင်း ချောင်းဆုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောဆိုသည်။

မွန်တွင် တစ်ပတ်အတွင်း မိုးစပါး ဧက ငါးသောင်းခွဲကျော် ရေကြီးနစ်မြုပ်ခဲ့၊

မော်လမြိုင် ၊ သြဂုတ် ၃

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့မှ လကုန်ရက်အတွင်း မိုးစပါးဧက ၅၅၆၇၀ နစ်မြုပ်ခဲ့ရပြီး ဧက ၃၀၀၀ ကျော်သာ ရေပြန်ပေါ်သေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မြို့နယ်အလိုက်စာရင်းမှာ ဇူလိုင် ၂၅ ရက်တွင် ဘီးလင်းမြို့နယ်၌ မိုးစပါးဧက သောင်းချီနစ်မြုပ်ခဲ့ပြီး ၂၇ ရက်နေ့တွင် ဧက ၂၀၀၀ ကျော်၊ ၃၀ ရက်နေ့တွင် ၁၇၀၀ ကျော် ထပ်မံနစ်မြုပ်ခဲ့သည်။

၂၇ ရက်နေ့တွင် ဘီးလင်းအပြင် မော်လမြိုင်မြို့နယ်၌ ဧက ၉၀၀ ကျော်၊ ကျိုက်မရောမြို့နယ်၌ ဧက ၄၇၀၀ ကျော် တစ်ရက်တည်းနစ်မြုပ်ခဲ့ရသည်။၂၈ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၌ ဧက ၁၅၀၀ ကျော်၊ သထုံမြို့နယ်၌ ဧက ၁၈၀၀၀ ကျော်ထပ်မံရေဖုံးလွှမ်းခဲ့ပြီး ၂၉ ရက်နေ့တွင် ကျိုက်မရော၌ ဧက ၉၀၀ ကျော် ထပ်တိုး နစ်မြုပ်ခဲ့သည်။

၃၀ ရက်နေ့တွင် ပေါင်မြို့နယ်မှ ဧက ၁၃၀၀ ကျော် နစ်မြုပ်ခဲ့ပြီး ယင်းတစ်နေ့တည်းတွင် မော်လမြိုင်၌ ဧက ၆၀၀ ကျော်၊ ကျိုက်မရော၌ ၂၀၀၀ နီးပါး ထပ်တိုးနစ်မြုပ်ခဲ့သည်။

အဆိုပါသီတင်းတစ်ပတ်တာကာလအတွင်း ပြည်နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် ကျေးရွာအုပ်စု ၉၇ စု ရှိ တောင်သူပေါင်း ၈၀၀၀ ကျော်၏ မိုးစပါးစိုက်ဧက ၅၅၀၀၀ ကျော်ရေကြီးနစ်မြုပ်ခဲ့ရခြင်း ဖြစ်သည်။

ခရိုင်အလိုက်စာရင်းမှာ သထုံခရိုင်တွင် ဧက ၄၆၅၀၀ ကျော်၊ မော်လမြိုင်ခရိုင်၌ ဧက ၉၀၀၀ ကျော် ရေလွှမ်းမိုးခဲ့ရသည်။

ဘီးလင်းတွင် ဇူလိုင် ၂၆ ရက်က ဧက ၁၅၀၀ ကျော်၊ သထုံတွင်ဇူလိုင် ၃၀ ရက်၌ ဧက ၁၅၀၀ ကျော် ရေပြန်ပေါ်ခဲ့ပြီး ကျန်ဧကများစွာမှာ လကုန်ရက်ထိနစ်မြုပ်နေဆဲဖြစ်သည်။

Written by ခေတ်မင်း၊ လွတ်လပ်မောင်(ယက္ခမြေ)၊ တင့်လွင်၊ စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.