Advertisements

မော်လမြိုင်၊ သြဂုတ် ၃ဝ

မော်လမြိုင်မြို့၊ တောင်ရိုးတန်းသာသနာ ၂၅ဝဝ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ တောင်စောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်နေမှုနှင့် ပတ်သက်ပြီး တောင်မြေသား ပြိုကျမည်ကို စိုးရိမ်နေကြကြောင်း ဘုန်းကြီးကျောင်းဝင်း အနီး နေထိုင်သည့် စစ်ကဲကုန်းရပ်၊ တောင်ရိုးတန်းလမ်းနှင့်၊ ဒိုဘီချောင်ရပ်က ဒေသခံများ က ပြောဆိုသည်။

ရပ်ကွက်နေဒေသခံများ စိုးရိမ်နေသည့် တောင်ရိုးတန်း သာသနာ၂၅ဝဝ ဘုန်းကြီးကျောင်းအသစ်ဆောက် လုပ်နေမှုကို တားမြစ်စာ ပေးပို့ထားသည်ဟု စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောကြားသည်။

Advertisements
data-language="en"

“ဒီလုပ်ငန်းကို သက်ဆိုင်တဲ့ ပညာရှင်တွေနဲ့ လုပ်ထားပါတယ်ပြောပေမယ့်လည်း တရားဝင်တင်ပြထားတာတွေ မရှိသေးတဲ့အတွက် လုပ်ငန်းဆောင်ရွက်ခွင့် မပေးထားသေးဘူး။ လုပ်ငန်းအတွက် စနစ်တကျစာရွက်စာတမ်း အချက်အလက်တွေ တိတိကျကျတင်ပြမလာသေးမချင်း ဒီလုပ်ငန်းမဆောင်ရွက်ဖို့အတွက် တင်းကြပ်စွာ တားမြစ်ထားတယ်” ဟု ဝန်ကြီးက ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အအုံသစ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းရှိ တောင်စောင်းတွင် မြေတူးဖော်မှုများ ပြုလုပ်နေခြင်းကြောင့် ၎င်းမြေသားများအပြင် အမေရိကန်အမျိုးသမီးနှင့် ကလေးဆေးရုံမှ စွန့်ပစ်အမှိုက်များသည် တောင်ရိုးတန်းလမ်း၌ နေထိုင်သည့် နေအိမ်ခြံဝင်အတွင်းသို့ ဝင်ရောက်လာခဲ့မှုများရှိကြောင်း ရပ်ကွက်ဒေသခံများက ပြောဆိုသည်။

“ပြိုကျလာမှာက ကျွန်မတို့က စိတ်ပူနေတာ။ ဘာသာရေးနဲ့မဆိုင်ဘူး။ ဘုန်းကြီးကျောင်းမို့လို့ ဖြိုခိုင်းတာတို့ ဖျက်ဆီးတာတို့လည်း မရှိပါဘူး။ ဒါပေမယ့်လို့ ဒီအဆောက်အဦးကြီး ပြိုကျလာခဲ့မယ်ဆိုရင် ဒီအောက်မှာ နေထိုင်တဲ့ ပြည်သူတွေအားလုံးရဲ့ အသက်ကိုစိုးရိမ်လို့သာ အခုလိုလုပ်ဆောင်ရတာဖြစ်တယ်” ယင်းရပ်ကွက်မှ ဒေါ်မော်မော်မြင့်က ပြောသည်။

အဆိုပါ သာသနာ ၂၅ဝဝ ကျောင်းဆောင်အသစ်ဆောက်လုပ်နေမှုကို ၂ဝ၁၈ ခုနှစ်ကတည်း တားမြစ် အဆောက် အဦးအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကသတ်မှတ်ထားပြီး လက်ရှိအချိန်တွင် ယင်းအဆောက်အဦး၏ တောင်စောင်း၌ ဘက်ဟိုးစက်ကြီးဖြင့် မြေတူးဖော်လုပ်ဆောင်နေမှုကြောင့် တောင်မြေနံရံများ ပြိုကျလာမည်ကို စိုးရိမ်သဖြင့် ဒေသခံများ လက်မှတ်ထိုး၍ ပြည်နယ်အစိုးရအဖွဲ့ထံ စာတင်ထားပြီးဖြစ်ကြောင်း တောင်ရိုးတန်းလမ်းနေ ဒေါ်ခတ္တာအောင်က ရှင်းပြပြောဆိုသည်။

“ဒါကြီးကို လုပ်နေတာ အာမခံချက်ရှိတယ်ဆိုရင် ကျွန်မတို့ကို စာနဲ့သေချာပြပါ။ အာမခံချက်နဲ့ လုပ်ပေးနေတယ်ဆိုတဲ့ ကုမ္ပဏီကလည်း အကယ်လို တောင်မြေပြိုကျလာခဲ့ရင် ကျွန်မတို့ရဲ့ ဆုံးရှုံးနစ်နာမှုကို ပြန်ပြီးကာဗာဖြစ်အောင်ပြန်လုပ်ပေးပါလို့ တောင်းဆိုချင်တယ်” ဟု ၎င်းက ပြောသည်။

သြဂုတ်လ ပထမအပတ်ကလည်း ပေါင်မြို့နယ် ၊ သဲဖြူကုန်း ကျေးရွာ၊ မလတ်တောင်ပြိုကျမှု ကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၇ဝ ဦးကျော် အသက်သေဆုံးခဲ့သည်ကို ကြုံတွေ့ခဲ့ရသည့်အတွက် အလာတူ ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း စစ်ကဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချိုက ဆိုသည်။

ခေတ်မင်း

Leave a Reply