ရန်ကုန်၊ သြဂုတ် ၁ ။ ။ မန္တလေးမြို့တော် တောင်သမန်အင်းတွင် ဧရာဝတီမြစ်ရေ တိုးပြီး အင်းရေထိန်းတံခါး ဖွင့်ထားရခြင်းကြောင့် လူနေရပ်ကွက်အတွင်း ရေ အမြင့်မှာ လေးပေခန့်အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနထံမှသိရသည်။

logo-copy

မြစ်ရေတိုးလာခြင်းကြောင့် တောင်သမန်အင်း တာရိုးမကျိုးစေရန် အင်းရေထိန်းတံခါးကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်မှ စတင် ဖွင့်လှစ်ခဲ့ရာ အင်းအနီးရှိ နံ့သာကုန်း ရပ်ကွက်တွင် ရေများဝင်ရောက်လျက်ရှိပြီး လက်ရှိတွင် ရေအမြင့်မှာ သုံးပေအထိ ရှိကြောင်း မီးသတ်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်း ဇော်ဦးက ဟင်္သာမီဒီ ယာသို့ ပြောကြားသည်။

“ တောင်သမန်အင်း ရေမြင့်တက်လာမှုကြောင့် တာရိုးကျိုးမှာ စိုးတဲ့ အတွက် အင်းထဲကရေတွေကို ဖွင့်ထုတ် ပေးတာ၊ လက်ရှိအချိန်မှာ ရေကသုံးပေလောက် မြင့်ရာကနေ ဖြည်းဖြည်းချင်း ဖွင့်ထုတ်နေတဲ့ အတွက် ရေက အမြင့်ဆုံး ခုနစ်ပေ ဝန်းကျင် အထိမြင့်လာနိုင်တယ်၊ ” ဟု ၎င်းကရှင်းပြသည်။

ရေထိန်းတံခါးဖွင့်လှစ်မှုကြောင့် တောင်သမန်အင်းအနီး နံ့သာကုန်းရပ်ကွက်တွင် အိမ်ခြေ ၇၀ဝ ကျော်ရှိသည့် အနက် မြေနိမ့်ပိုင်းရှိ အိမ်ခြေ ၃၀ဝ ခန့်မှ လူဦးရေ တစ်ထောင်ကျော်နှင့် ကျွဲ၊ နွား၊ ဝက်စသည့် အိမ်မွေး တိရစ္ဆာန်အကောင် ၁၀ဝ ဝန်းကျင်ကို အဆိုပါရပ်ကွက် ကုန်းမြင့်ပိုင်းရှိ ရွှေစကားဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်းထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှသိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် နံသာကုန်းရပ်ကွက်နေ ဒေသခံများကို မီးသတ်၊ တပ်မတော်နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၃၀ဝ ခန့်က ကူညီ၍ ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိ ကြောင်းဦးသန်း ဇော်ဦးကဆိုသည်။

အဆိုပါ တောင်သမန်အင်း ရေထိန်းတံခါး ဖွင့်လှစ်မှုမှ တစ်ဆင့် ရေကြီးနစ်မြုပ်မှုများကြောင့် ယနေ့ နံနက်ပိုင်းမှ စတင်၍ ဦးပိန်တံတား ဖြတ်သန်းသွားလာခွင့်ကို ရပ်ဆိုင်းထားပြီး ရတနာပုံတက္ကသိုလ်ကို ယာယီပိတ်ထား ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

Leave a Reply