ရန်ကုန် ၊ သြဂုတ် ၂၂
ရိုးဂုဏ်

တောင်သူလယ်သမားရေးလှုပ်ရှားမှုဖြင့် လူသိများသော မစုစုနွေးသည် လာမည့် ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၏ တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံရရန် စီစဉ်လျက်ရှိသည်။

သို့သော်လည်း ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်း တင်သွင်းနိုင်ရန် အခက်အခဲများရှိနေကြောင်းနှင့် နိုင်ငံရေးတိုက်ခိုက်မှုများ ကြုံတွေ့နေရကြောင်း ကာယကံရှင်ထံမှ သိရသည်။

“ ကျွန်မက ပါတီထောင်နေတာ မဟုတ်ဘူး။ တစ်သီးပုဂ္ဂလပြိုင်တယ်ဆိုတာ တောင်သူလယ်သမားတွေရဲ့ အသံစစ်စစ်တွေကို အနှောင်အဖွဲ့ကင်းကင်းနဲ့ လွှတ်တော်ထဲမှာ ထင်ဟပ်စေချင်လို့ ဝင်ပြိုင်တာ။ ဒီတော့ ဘယ်လိုလူမျိုးတွေက ကျွန်မကို လွှတ်တော်ထဲ မရောက်စေချင်ဘူးလဲဆိုတာ သိသာပါတယ် ” ဟု မစုစုနွေးက ပြောသည်။

မစုစုနွေး၏ အမျိုးသားဖြစ်သူသည် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်မှုဆောင် တစ်ဦးဖြစ်သော်လည်း ယင်းပါတီမှ ဝင်ရောက်ရွေးချယ်ခံမည် မဟုတ်ဘဲ သီးသန့်ရပ်တည်သွားမည်ဟု ဆိုသည်။

၎င်းအနေဖြင့် ရွေးချယ်ခြင်းခံခဲ့ရပါက မြေယာအငြင်းပွားမှုများအတွက် တွေ့ခွင့်ပြုပါဟု ခွင့်တောင်းစရာမလိုကြောင်းနှင့် နစ်နာသူများထံ ကိုယ်တိုင်သွားရောက် မေးမြန်းကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်ကစတင်ကာ လယ်ယာမြေ အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ ကျော်ချမှတ်ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကို တည်ထောင်ခဲ့သူဖြစ်သည်။

ယခင်က NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးများကို အစဉ်တစိုက်ပြုလုပ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းကစကာ တောင်သူလယ်သမားများအရေးကိစ္စများအတွက် သီးသန့် ဆောင်ရွက်နေသူ ဖြစ်သည်။

Leave a Reply