စာပဲသင်ချင်တဲ့ အသက် ငါးနှစ်အရွယ် မိဂျူး

Moe Moe

Aug 13, 2020

မုတ်သုန်မိုးက သည်းသည်းမည်းမည်း ရွာနေပေမယ့် အသက် ငါးနှစ်အရွယ် မိဂျူးလေးဟာ အိမ်မပြန်အားသေးဘဲ ပင်နီရောင်လွယ်အိတ် သေးသေးလေးကို လွယ်ရင်း အစိုးရရုံးစိုက်ရာ နေပြည်တော်က ဘောဂသီရိ အဝေးပြေးကားဝင်းထဲ လှည့်ပတ်သွားနေခဲ့ပါတယ်။

မိုးရေထဲ တစ်ယောက်တည်း အချိန်အတော်ကြာ ရပ်နေခဲ့တဲ့ ကလေးမလေးကို လမ်းတစ်ဘက်ခြမ်းက မပြည့်ဖြိုးတစ်ယောက် သတိထားမိသွားခဲ့လို့ အနားလာဖို့ လက်ပြပြီးလှမ်းခေါ်ခဲ့ပါတယ်။

‘ကလေး ဒီမှာဘာလုပ်နေတာလဲ။ ဘယ်သွားမှာလဲ’ ဆိုတဲ့သူ့ရဲ့မေးခွန်းကို ကလေးမလေးက

‘ဘယ်မှ မသွားဘူး။ ပိုက်ဆံတစ်သောင်းမပြည့်သေးလို့ ဆက်တောင်းရဦးမယ်’ လို့ပြန်ဖြေခဲ့တယ်လို့ သြဂုတ်လ ၅ ရက် ညနေပိုင်းမှာ သူကြုံခဲ့ရတဲ့အခြေအနေကို မပြည့်ဖြိုးက ပြန်ပြောပြပါတယ်။

မိဂျူးလက်ထဲ ကျစ်ကျစ်ပါအောင် ကိုင်ထားတဲ့လွယ်အိပ်လေးကို မပြည့်ဖြိုးစူးစမ်းကြည့်ချိန်မှာတော့ ပိုက်ဆံနှစ်ထောင်တွေ့ခဲ့ရပါတယ်။ ဒီအတိုင်းဆို ရည်မှန်းချက်ပြည့်ဖို့ ရှစ်ထောင်လိုနေပါသေးတယ်။

မပြည့်ဖြိုးမှာလည်း ကလေးမလေးနဲ့ရွယ်တူ သားတစ်ယောက်ရှိပြီး မိုးရေထဲရပ်နေခဲ့တဲ့ သူ့သားအရွယ် ကလေးမလေးကို အကူအညီပေးဖို့ သူဆုံးဖြတ်လိုက်ပါတယ်။

သူ့အကူအညီကတော့ ကလေးမလေး တစ်ရက်တာအတွက် ပြဿနာပြေလည်စေဖို့ လိုနေတဲ့ပိုက်ဆံဖြည့်ပေးတာမျိုး မဟုတ်ဘဲ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုပါပြေလည်ဖို့ပါ။

ဒီဆောင်းပါးမှာကလေးငယ်ရဲ့ အခွင့်အရေးကို အကာအကွယ်ပေးတဲ့အနေနဲ့ အမည်ရင်းအစား ‘မိဂျူး’ လို့ အစားထိုးဖော်ပြမှာဖြစ်ပြီး မိဂျူးနဲ့ဘဝတူ အခြားကလေးငယ်တွေရဲ့အမည်ရင်းကိုလည်း အလားတူ အစားထိုးအမည်တွေနဲ့ ဖော်ပြမှာဖြစ်ပါတယ်။

အရင်ဆုံး ကလေးမလေးကို မိုးစိုနေတဲ့ အဝတ်တွေလဲပေးခဲ့ပြီး ညစာကျွေးခဲ့ပါတယ်။ ပြီးတဲ့နောက် မိဘတွေဆီ ပြန်ပို့ဖို့ အဲဒီနေ့ည ၇ နာရီကျော်လောက်မှာ ပျဉ်းမနားမြို့မရဲစခန်းကို အကူအညီသွားတောင်းခဲ့တယ်လို့ မပြည့်ဖြိုးက ပြောပါတယ်။

“အိမ်မပြန်ချင်ဘူး။ အရင်လည်း ခရေပင်အောက်မှာ အိပ်တာပဲ” လို့ မိဂျူးက ရဲစခန်းကိုသွားရာ လမ်းတလျှောက် ကားပေါ်မှာ အသံ ကျယ်ကျယ်နဲ့ အော်ပြောခဲ့ပါတယ်။

မိဂျူးဟာ သူ့အဖေနဲ့ သူ့အမေ နာမည်ကို မှန်အောင်ပြောနိုင်ပေမယ့် သူနေတဲ့ နေရာကိုတိတိကျကျ မပြောနိုင်ခဲ့ပါဘူး။

ရဲတွေက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီး မိဘတွေကိုဝိုင်းရှာကူဖို့လုပ်ရပါတော့တယ်။ ည ၁၀ နာရီလောက်ရောက်တဲ့အချိန်မှာတော့ တောင်သာ အုပ်ချုပ်ရေးမှူးရုံးက မိဂျူးရဲ့ မိခင်နဲ့ အဆက်အသွယ် ရခဲ့ပါတယ်။

သူ့ကိုအိမ်ပြန်ပို့ဖို့လုပ်နေကြတဲ့ သူတွေပြောနေတဲ့ စကားတွေကို မိဂျူးကတော့ နားထောင်ချင်တဲ့ပုံမပေါ်တော့ဘဲ ထိုးအိပ်ချင်တဲ့ ဟန်သာ ပေါက်နေပါတော့တယ်။ ဘောဂသီရိကားဝင်းအနီးက ခရီးသွားတွေနဲ့ ဈေးဆိုင်ခန်းတွေမှာ တနေကုန်တောင်းရမ်းနေခဲ့ရတဲ့ ကလေးရဲ့ ပင်ပန်းဆင်းရဲမှုကို အိပ်ချင်ပေမယ့် အတင်းဖွင့်ထားခဲ့တဲ့ သူ့မျက်လုံးမှာ အထင်းသားမြင်နေရပါတယ်။

မိဂျူးရဲ့ ရှေ့ရေးအတွက် လူမှုဝန်ထမ်းက တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဝိုင်းစဉ်စားပေးနေရင်း အချိန်မှာ ည ၁၀ နာ ရီ ကျော်ရှိနေပါပြီ။

သိပ်မကြာခင် အရပ်ခပ်ပုပုနဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က ဓာတ်မီး အနီရောင်ကိုလက်မှာ ကိုင်လာပြီး တောင်သာ အုပ်ချုပ်ရေးမှူး ရုံးထဲကို ခြေလှမ်းကျဲကျဲနဲ့ ဝင်လာပြီး

“နင်ဘယ်တွေ လျှောက်သွားနေတာလဲ” လို့ မိဂျူးကို မြင်မြင်ချင်း မေးခွန်းထုတ်လိုက်ပါတယ်။ သူကတော့ မိဂျူးရဲ့အမေဆိုပြီး မိတ်ဆက်ခဲ့ပါတယ်။

မိဂျူးကတော့ မိခင်ဖြစ်သူကို မြင်မြင်ချင်း ကလေးပီပီ ပြေးဖက်ရမယ့်အစား မျက်စိလွှဲလိုက်ပြီး ဘေးနားမှာ ရှိနေတဲ့ အမျိုးသမီး တစ်ယောက် ပေါင်ပေါ်ကို လဲချလိုက်ပါတယ်။

မိဂျူးဘယ်တွေသွားနေတာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကိုတော့ အုပ်ချုပ်ရေးနဲ့လူမှုဝန်ထမ်းကအရာရှိတွေက မိဂျူးအစား အဲဒီအမျိုးသမီးကို ပြန်ဖြေပေးပါတယ်။

အဲဒီနောက် ဒီတကြိမ်မေးခွန်းတွေကို ပြန်ဖြေဖို့အလှည့်ကျတာကတော့ အဲဒီ အမျိုးသမီးကိုယ်တိုင်ပါဘဲ။

“ကလေးကိုဘာကြောင့်ဒီလိုတောင်းခိုင်းရတာလဲ။”

“ဘယ်အချိန်က စလုပ်ခိုင်းတာလဲ”

“ဘယ်သူတွေနဲ့ အတူတူ လုပ်ခိုင်းတာလဲ”

“နေတာက ဘယ်မှာနေတာလဲ” အစရှိတဲ့ မေးခွန်းတွေကို အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး အဆက်မပြတ် မေးပါတော့တယ်။

“ခင်ဗျား အခုလို ကလေးကို တောင်းခိုင်းတာ ထောင်ချလို့ ရတယ်ဆိုတာသိရဲ့လား။ ခင်ဗျား သမီး သူများ စော်ကားမှာ၊ ကားတိုက်ခံရမှာ မစိုးရိမ်ဘူးလား” လို့ တောင်သာ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မေးလိုက်ပါတယ်။

အဲဒီအချိန်မှာတော့ မိဂျူးတစ်ယောက်ထဲ စေလွှတ်တာ မဟုတ်ဘဲ သူနဲ့ အတူ မောင်နှမ ၄ ယောက်စလုံး နေ့စဉ်လွှတ်တာ ဖြစ်ပြီး မိဂျူးက မျက်စိလည်ပြီး ကျန်ခဲ့တာ ဖြစ်တယ်လို့ မိဂျူးရဲ့မိခင်က ဆိုပါတယ်။

မိဂျူးတို့ မိသားစု ၅ ယောက်နေထိုင်တဲ့ တလ ကျပ် ၃သောင်းတန် အိမ်

သူ့မှာ ၁၁ နှစ်၊ ငါးနှစ်၊ သုံးနှစ် အရွယ် မိန်းကလေးသုံးယောက်နဲ့ ရှစ်နှစ်သား ယောကျ်ားလေးတစ်ယောက် စုစုပေါင်း သားသမီးလေးယောက် ရှိတာဖြစ်ပြီး နေ့စဉ် ကားကွင်းမှာ တောင်းဖို့ စေလွှတ်ခဲ့တာကို အစိုးရ အရာရှိတွေက သိသွားခဲ့ပါတယ်။

အဲဒီ အထဲမှာ မိဂျူးက သူ့ရဲ့ အစ်ကို အစ်မတွေနဲ့ အတူတူ တောင်းလေ့ မရှိဘဲ သီးသန့် ခွဲထွက်ပြီး တောင်း တတ်တဲ့ အကျင့်မှာ အရင်ထဲက ရှိခဲ့တာကြောင့် အခုလို လူစုကွဲပြီး ပျောက်သွားတာ ဖြစ်ပါတယ်လို့ မိခင်ဖြစ်သူက ဆက် ပြောပြသည်။

“ရှင့်လက်တွေ၊ ခြေတွေ အကောင်းတိုင်းရှိနေတာကို ဘာလို့ ကလေးတွေကို တောင်းခိုင်းရတာလဲ။ ဒီကလေး လေးယောက်လုံး ပြုစုရေးကျောင်းကို ခေါ်မယ်။ ရှင့်လုပ်ရပ်က ဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာ သိရဲ့လား”လို့ ထပ်ဆင့်ပြောလိုက်တဲ့ သူ ကတော့ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော် တိုင်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် ပဲ ဖြစ်ပါတယ်။

ကလေးသူငယ်တွေကို တောင်းရမ်းစေခြင်း နှင့် မိမိတောင်းရမ်းရာတွင် ကလေးသူငယ်များအား အသုံးပြုခြင်းကို ၂၀၁၉ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် တားမြစ်ထားပြီး ဖောက်ဖျက်ပါက အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ် နှင့် ဒဏ်ငွေ ၁၂ သိန်း ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

“ကလေးတွေ တစ်ယောက်မှ မပေးပါရစေနဲ့ မတောင်းခိုင်းနဲ့ဆို နောက်ကို ဘယ်တော့မှ မတောင်းခိုင်းတော့ပါဘူး။ ကျမဖာသာ ကျမ ဗူးခွံ ကောက်ပြီး ဒီကလေးတွေကို ရှာကျွေးပါ့မယ်။ ကျမ အခုလို ခိုင်းတာလည်း မပေါ့မပါးကြီးနဲ့မလို့ အခုလို ခိုင်း ရတာပါ” လို့ မိဂျူးမိခင်ကတုန့်ပြန်ပါတယ်။

မိဂျူးရဲ့ ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ငါးလက ဆုံးပါးသွားခဲ့ပြီး မိခင်ဖြစ်သူမှာ ကိုယ်ဝန်ခြောက်လနဲ့ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို တောင်းရမ်းခိုင်းရတာ ဖြစ်ပြီး၊ တောင်းခိုင်းတဲ့ အချိန်မှာ နှစ်လခန့်သာ ရှိသေးတယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေကို အကူအညီပေးခဲ့သူတွေကတော့ အဲဒီထက်စောနိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

နှစ်ဘက်ပြောကြဆိုကြရင်းနဲ့ ညဉ့်က နက်လာခဲ့ပါပြီ။

ဒီညအဖို့ မိဂျူးကို သူ့အမေ လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး တောင်သာ အုပ်ချုပ်ရေးမှူးရုံးထဲကနေ လူစုခွဲကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်တစ်နေ့ မနက်မှ မိဂျူးနေတဲ့ အိမ်ကို လာမယ်ဆိုတဲ့ အကြောင်း အုပ်ချုပ်ရေးမှူး၊ လူကယ်ပြန်က ဝန်ထမ်းတွေနဲ့ မိဂျူးရဲ့မိခင်တို့ သဘောတူညီချက်ယူပြီး ကိုယ်စီ အိမ်ပြန်ခဲ့ကြပါတယ်။

ငွေ ၁၀,၀၀၀ မပြည့်သေးလို့ဆိုပြီး အိမ်မပြန်ရဲဘဲ မိုးရေထဲရပ်နေတဲ့ မိဂျူးတစ်ယောက် နောက်ဆုံးမှာတော့ သူ မပြန်ချင်တဲ့အိမ်ဆီ ပြန်သွားရပြန်ပါတယ်။

နောက်တစ်နေ့မှာတော့ မိဂျူးတို့ ငှားရမ်းနေထိုင်တဲ့ အိမ်ကို လူမှုဝန်ထမ်း၊ ရဲ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သွားတဲ့ အခါ မှာတော့ သားအမိတွေက အိမ်ရှေ့ လယ်ကွင်းတွေ ကြားကနေ ထွက်ကြိုနေပါတယ်။

တစ်လ သုံးသောင်းပေးပြီး ငှားနေတဲ့ အိမ်ကတော့ သူတို့ မိသားစုအတွက်သာ ဝင်ဆံ့တဲ့အိမ်ဖြစ်တဲ့အတွက် အရှေ့မှာ ဆောက်ထားတဲ့ အိမ်ရှင်ရဲ့ အိမ်အောက်မှာ စကားပြောကြရင်းက မိဂျူးတို့နဲ့ဘဝတူ နောက်ထပ် မောင်နှမတွေအကြောင်းလည်း ထပ်ပေါ်လာခဲ့ပြန်ပါတယ်။

သူတို့ မောင်နှမ လေးယောက်တည်း သွားတောင်းတာ မဟုတ်ဘဲ ကပ်လျက်ဘေးအိမ်က ကလေး လေးယောက်နဲ့ နေ့စဉ် သွားတယ်ဆိုတဲ့ ဖြစ်စဉ် တစ်ခု တာဝန်ရှိသူတွေ ထပ်သိလိုက်ရပြန်ပါပြီ။

ဒုတိယမိသားစုမှာ အသက် ခြောက်လက အသက် ၁၄ နှစ်ထိ ကလေး ငါးယောက် ရှိပြီး၊ ခြောက်လအရွယ် ကလေးက လွှဲပြီး ကျန်တဲ့ ကလေးတွေအားလုံး မိဂျူးတို့နဲ့ အတူတူ တောင်းရမ်းနေကြတာလို့ သူတို့ရဲ့ မိဘတွေက ဖွင့်ဟ ပြောလာပါတယ်။

ကလေးငယ်တွေရဲ့ မိခင်တွေက အရင်းတွေဖြစ်ကြပြီး မိဂျူးတို့ရဲ့အဖေကတော့ ဆုံးပါးသွားပါပြီ။ ဒုတိယမိသားစုက ကလေးတွေကတော့ ပထွေးနဲ့အတူ နေထိုင်ရတယ်လို့လဲ အိမ်နီးချင်းတွေကဆိုပါတယ်။

“ကလေးတွေကိုရိုက်တယ်။ ဆော့ရင်လည်း ရိုက်တယ်။ တောင်းပြီးလို့ ပြန်လာရင်လည်း ပိုက်ဆံမရရင်လည်း ရိုက်တာမျိုးတွေရှိတယ်”

“ဒီကောင်က ပထွေး၊ ပထွေးဆိုတော့ ဒီလိုလုပ်တာတွေ ယာအိမ်မှူးကလည်း ၃ ခါလောက်ရှိပြီ။ သူ့လုပ်ရပ်တွေပြောပြတယ်။ ပတ်ဝန်းကျင်ကလည်း ပြောတယ်။ နောက်တစ်ကြိမ်လုပ်လို့ကတော့ ဦးလေးကိုယ်တိုင် အမှုဖွင့်တော့မှာ”လို့ တောင်သာ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောပါတယ်။

ကလေးတွေ အားလုံး မနက် ၇ နာရီခွဲဆို အိမ်က ထွက်ပြီး ဘောဂသီရိ အဝေးပြေး ကားဝင်းအနီးနဲ့ ကင်ပွန်းတန်းဈေး မှာ တောင်းရမ်းတာဖြစ်တယ်လို့ အသက် ၁၁ နှစ်အရွယ်ရှိ မိဂျူးရဲ့ အစ်မဖြစ်သူက ပြောပြပါတယ်။

“သမီးတို့ အိမ်က အတူတူ ထွက်ကြတာ။ ဟိုရောက်တော့ လူခွဲတောင်းတယ်။ တစ်ခါတစ်လေလည်း တစ်သောင်းကျော်ရ တယ်”လို့ မိဂျူးအမက ပြောပါတယ်။

မိဂျုးတို့ အုပ်စု အဲ့ဒီလိုတောင်းရမ်းနေတာကို သူတို့ထက်အသက်အရွယ်ကြီးပြီး ခမောက် အမြဲတမ်းဆောင်းထားတဲ့ အမျိုးသားတစ်ယောက်က “နင်တို့ရတဲ့ ပိုက်ဆံတွေ ငါ့ကိုလည်းပေးရမယ်။ မပေးရင်နောက်တစ်ခါ ဒီမှာ လာမတောင်းရဘူး” လို့ ပြောနေတဲ့သူရှိတဲ့အတွက် သူတို့ ကြောက်နေတယ် ဆိုတာကိုလည်း သူတို့ အဖွဲ့ထဲက အသက်အကြီးဆုံးဖြစ်တဲ့ ၁၄ နှစ် အရွယ် မိန်းကလေး ဖြစ်သူက ပြောပြပါတယ်။

“အဲ့လူနဲ့တွေ့ရင် သမီးတို့ကို အမြဲတမ်းဒီလိုပဲပြောတယ်။ အဲဒီခါကျရင် အော်ပြီးထွက်ပြေးရတာ။ ဒါမှ ဆက်မလိုက်တာ” လို့ သူတို့ တောင်းတဲ့အခါ အခက်အခဲကို ပြောပြပါတယ်။

ကလေးအားလုံးကို ကလေးပြုစုရေးဌာနကိုခေါ်ပြီး စေခိုင်းတဲ့မိဘတွေကို အမှုဖွင့် အရေးယူတဲ့အဆင့်ထိ ပြုလုပ်ဖို့ ရည်ရွယ်ထားသော်လည်း နောက်ဆုံးမှာတော့ ဒီကလေး အားလုံးကို ဘယ်တော့မှ မတောင်းခိုင်းတော့ ဘူးဆိုတဲ့ နောက်ဆုံး အကြိမ်သတိပေးတဲ့ ခံဝန်ထိုးခိုင်းလိုက်ပါတယ်။

အစိုးရပိုင်းအနေနဲ့ ကိုဗစ်ကာလမှာ လမ်းပေါ်နေ ကလေးတွေ ရဲ့စာရင်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန(လူ/ကယ်/ပြန်) ၊ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကမ္ဘာ့ဘဏ်တို့က ပူးပေါင်းပြီး စာရင်းများ ကောက်ယူရာတွင် ရန်ကုန်မြို့တွင် ၂၂၆ ဦးနဲ့ မန္တလေးမြို့ တွင် ၂၀၀ ဦးရှိတယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ ကပြောပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ကိုဗစ်ကာလမှာ လမ်းပေါ်နေ ကလေးများကို ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲကာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ၆ မြို့နယ်က လမ်းပေါ်နေ ကလေး ရှိတဲ့ အိမ်ထောင်စု ၂၀၀ ကို အခြေခံစားသောက်ကုန် ၁၄ မျိုး ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဦးစွမ်းရည်ရက ပြောပါတယ်။

အဲသည်လို စာရင်းကောက်ယူရာမှာ လမ်းပေါ်နေကလေး အမျိုးမျိုးရှိပြီး မိသားစုရှိပြီး စီးပွားရေး အခြေအနေရ လမ်းပေါ်မှာ စပယ်ပန်း ရောင်းတဲ့ကလေးနဲ့ တောင်းရမ်းစားတဲ့ ကလေး၊ ဂိုင်းဖွဲ့ပြီး ကလေးတွေကို တောင်းခိုင်းတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

“ကလေးတွေက သူတို့တောင်းပြီးရင် ကြိုက်တာ လုပ်တာ။ ကော်ရှုတဲ့ ကလေးက ရှုတယ်။ ကွမ်းစားလိုက်၊ ဆေးလိပ် သောက်လိုက် အဲ့လိုနေရတာကိုပျော်နေကျတာ။ လမ်းပေါ်နေ သက်ကြီးတွေလည်း အဲ့လိုမျိုးတွေ အများကြီး ရှိတယ်” လို့ ဦးစွမ်းရည်ရ က ပြောပါတယ်။

နောက်ပိုင်းမှာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာ ဆက်ပြီး ကောက်ခံသွားဦမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မိဂျူးလို ကလေးတွေ လမ်းမပေါ်ရောက်နေတာဟာ ကလေးတွေအတွက် အန္တရာယ်အလွန်များပြီး ကလေးတွေဟာ ဒုစရိုက်သမားတွေအတွက်သားကောင်ဖြစ်သွားနိုင်သလို ကလေးတွေကိုအသုံးချပြီး ဒုစရိုက်မှုတွေ ကျူးလွန်တာတွေလည်း ဖြစ်လာနိုင်တယ်လို့ အမျိုးသားလွှတ်တော် ‘အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ’ ဥက္ကဌ ဒေါက်တာ တင်တင်ဝင်း ကဆိုပါတယ်။

“… ကလေးက ပြစ်မှု ကျူးလွန်တယ်ဆိုရင် ပေးတဲ့ပြစ်မှု ပြစ်ဒဏ်က လူကြီးနဲ့ မတူတော့ ကလေးတွေကို (အသုံးချပြီး မူးယစ်ဆေး၊ အရက်၊ မကောင်းမှုတွေကို) ခိုင်းကြတယ်လေ” လို့ သူကထောက်ပြပါတယ်။

ဒီလို ပြဿနာတွေမှာ ကလေးတွေကို ကယ်ထုတ်ဖို့က ကလေးတွေက အဓိက မကျဘဲ ကလေးတွေကိုခိုင်းနေတဲ့ မိဘတွေက အဓိက ဖြစ်နေကြောင်းနဲ့ ကလေးတွေကို ထိန်းသိမ်းရေးစခန်းတွေဆီ ပို့ရင်လည်း ကလေးတွေက စခန်းတွေမှာ ခဏတာဘဲနေလေ့ရှိကြပြီး သူတို့အိမ်ကိုပြန်ပြန်သွားလေ့ရှိကြတယ်လို့လည်း ဒေါက်တာတင်တင်ဝင်းက ပြောပါတယ်။

ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ မတော်မတရား မင်္ဂလာဆောင်ခိုင်းခြင်းတို့အတွက် ရာဇဝတ်မှုအရ အရေးယူနိုင်ပေမယ့် တချို့သောဖြစ်ရပ်မျိုးတွေမှာတော့ မိဘတွေကို အရေးယူဖို့အတွက် အခက်အခဲတချို့ရှိတယ်လို့လည်သူကထောက်ပြပါတယ်။

“လမ်းဘေးမှာ ဒီလိုပဲနေတယ်။ ဘာမှလည်း ပြစ်မှု မလုပ်ရင်၊ လုပ်ဦးတော့ မတွေ့ဘူးပေါ့။ သက်သေခံမရှိဘဲနဲ့ မိဘတွေကို မရေးယူလို့ မရဘူး။ အဓိကတော့ ဆင်းရဲခြင်းပဲ” လို့သူကဆိုပါတယ်။

ဒီလို လမ်းဘေးတောင်းရမ်းနေကြရတဲ့ ကလေးငယ်တွေဟာ ရွယ်ရောက်ချိန်မှာ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုပါထိခိုက်နိုင်တဲ့အတွက် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ အားနည်းသွားကြောင်း ဒေါက်တာတင်တင်ဝင်းက ပြောပါတယ်။

“ILO နဲ့ ပေါင်းပြီ; လမ်းဘေးကလေးတွေရဲ့ မိဘတွေကို အလုပ်အကိုင် အခွင့်အလမ်း ရအောင် ဝင်ငွေရအောင်ပေးပြီးတော့ ဒီကလေးတွေကို မခိုင်းပါနဲ့၊ ကျောင်းပို့ပါ ဆိုတဲ့ အသိပညာပေးတာ လုပ်နေပါတယ်” လို့သူက ဆက်ပြောပါတယ်။

အစိုးရက စီမံချက်တွေ ချပြီးဆောင်ရွက်နေပေမယ့်လည်း အမှန်တကယ်လက်တွေ့မှာ မိဂျူးလို ကလေးတွေ ကတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိနေဆဲပါ။

မိဂျူးအသက်အရွယ်ရဆိုရင် ကျောင်းစတက်ရတော့မယ် အရွယ်ဖြစ်ပေမယ့်လည်း မိခင်အရင်းက အခုလိုတောင်းရမ်းခိုင်းနေတာကြောင့် နောက်နောင် မခိုင်းဖို့ ခံဝန်ကတိ ထိုးခိုင်းထားပေမယ့်လည်း မိဂျူးတို့နောက်ထပ် အခိုင်းမခံရဖို့အတွက် ယာအိမ်မှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စောင့်ကြည့်သွားမယ်လို့ တောင်သာ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။

မိခင်အိမ် ပြန်ရောက်နေတဲ့ မိဂျူးကတော့ သူမ ဖြစ်ချင်တဲ့ဆန္ဒလေးကို အရွယ်နဲ့မမျှ မျှော်လင့်နေရှာပါတယ်။

“သမီးကျောင်းတက်ချင်တယ်။ သမီးစာသင်ချင်တယ်။ ဒီလိုမျိုး မတောင်းချင်ဘူး”လို့ မိဂျူး တစ်ယောက် ခပ်ဖျော့ဖျော့ လေသံနဲ့ ကူညီသူအမျိုးသမီးတဦးနားကပ်ပြီး ပြောလိုက်ပါတယ်။

ရေးသူ – Moe Moe

( ယခုဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က စီစဉ်လုပ်ဆောင်သည့် HI Burma – Honest Information for Burma Website ( www.hiburma.net ) မှ တဆင့်ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)

Leave a Reply