Advertisements

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက်။

ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်နေသည့် ကလေးသူငယ်များ၏ နောက်ကွယ်၌ စေခိုင်းသူများရှိ၊ မရှိကို တိုင်းအစိုးရက ဆန်းစစ်ကြည့်ရန်လိုကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် တိုင်းလွှတ်တော်၊ ပဉ္စမ ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက တိုက်တွန်းပြောဆိုလိုက်သည်။

“ကျောင်းနေအရွယ်ကလေးငယ်တွေ မီးပ္ပိုင့်တွေမှာ တောင်းရမ်းနေကြတာကိုလည်း တွေ့နေရပါတယ်။ ကလေး တွေစာမသင်ရဘဲ လမ်းတွေပေါ်မှာ တောင်းရမ်းစားသောက်နေကြရတယ်။ မိဘတွေက ခိုင်းတာလား၊ အုပ်ထိန်း သူကခိုင်းတာလား၊ တစ်စုံတစ်ယောက်ကခိုင်းတာလားကိုလည်း ဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်။ အရွယ်မ ရောက်သေးသော ရင်ခွင်ပိုက်ကလေးများကို အရင်းပြုတောင်းရမ်းစားသောက်နေသူများကို တားဆီးထိန်းသိမ်း ရန် မည်သည့်ဌာနတွင်တာဝန်ရှိပါသလဲ။ မည်သူ့ထံသို့ ဆက်သွယ်သတင်းပို့ရပါ့မလဲ။ တာဝန်ရှိသူများက မည် ကဲ့သို့ ထိန်းသိမ်းဆောင်ရွက်မည်ကို သိရှိပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကမေးမြန်းသည်။

ထို့အပြင် သက်ကြီးသက်ရွယ်အိုများအား အတင်းအဓမ္မ တစ်နေကုန်ပိုက်ဆံတောင်းခိုင်းပြီး ငွေစောင့်သိမ်းခြင်း ကို လူမှုကွန်ရက်များတွင်တွေ့မြင်ခဲ့သည့်အပြင် ကမာရွတ်မြို့နယ်၊ လှည်းတန်းတံတားနှင့် မီးပ္ပိုင့်အနီးရှိလမ်းများ ပေါ်တွင်အုပ်စုဖွဲ့ကာ တောင်းရမ်းစားသောက်နေခြင်းသည် မြို့တော်အင်္ဂါရပ်ကိုထိခိုက်စေသဖြင့် တိုင်းအစိုးရ အဖွဲ့က မည်သို့တာဝန်ယူဆောင်ရွက်မည်ကိုသိရှိလိုကြောင်း ဦးလှဌေးက မေးမြန်းခဲ့သည်။

“တကယ်အရေးကြီးတဲ့မေးခွန်းဖြစ်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိလဲမေးခွန်းက အကုန်လုံးမှာတာဝန်ယူရမယ့်အ ပိုင်းဖြစ်ပါတယ်။ Public Problemဖြစ်နေတဲ့အတွက်ကြောင့် အကုန်လုံးဝိုင်းထိန်းသိမ်းထားဆီးရမယ်။ကျွန်တော် လွှဲချတာတော့မဟုတ်ပါဘူး။ YCDC အနေနဲ့လည်း ဦးစားပေးဆောင်ရွက်နေပါတယ်။ ရင်ခွင်ပိုက်ကလေး တွေကို အရင်းပြုတောင်းတဲ့သူတွေကိုကြည့်လိုက်ရင် ကလေးတွေက ရွှင်ရွှင်လန်းလန်းသိပ်တွေ့ရတာမရှိပါဘူး။ မှိန်းနေတာ၊ တခါတလေသေနေတယ်လို့တောင်ထင်ရလို့ စိုးရိမ်စိတ်ဖြစ်မိပါတယ်။ ကလေးတွေကို ဘာဆေး ကျွေးထားမှန်းကိုမသိဘူး၊ တောင်းနေတာ။ ဒါကို ကျွန်တော်တု့ိက တားပါတယ်။ ဒါတွေက မလိုလားအပ်တဲ့ အခြေအနေပါ။”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အခြေအနေမဲ့သူများအား ဖမ်းဆီးနေခြင်းကို YCDC လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆောင်ရွက် နေပြီး အထူးအစီအစဉ်အနေဖြင့် အခြေအနေမဲ့များ ဖမ်းဆီးခြင်းကို တစ်ပါတ်လျှင်တစ်ကြိမ် ည(၁၂)နာရီနောက် ပိုင်းတွင် မြို့လယ်ဆူးလေလမ်းမ၊ ဘူတာကြီး၊ သီရိမင်္ဂလာဈေး၊ ရွှေပိတောက်ငါးဈေးတို့တွင် ဆောင်ရွက်လျက် ရှိကြောင်း မြို့တော်ဝန်က ပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကျွေးမွေးစောင့်ရှောက်မည့်သူ မရှိသည့် သက်ကြီးရွယ်အို (၉၆၄)ဦးကို ထိန်းသိမ်းခဲ့ပြီး အသက်(၅)နှစ်အောက် ကျား(၁)ဦး၊ အသက်(၆)နှစ်မှ(၁၂)နှစ်အရွယ်ရှိ ကျား(၅၁)ဦးကို သန်လျင်လူငယ်ကျောင်းသို့အပ်နှံပေးခဲ့သည်။

အသက်(၁၃)နှစ်မှ (၁၆)နှစ်အရွယ်ရှိ ကျား(၃၂)ဦးကို ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ အသက်(၆)နှစ်မှ (၁၆)နှစ်အရွယ်ရှိ မ(၁၀)ဦးကို ထောက်ကြန့် အမျိုးသမီးသင်တန်းကျောင်း၊ အသက်(၁၇)နှစ်အထက်ရှိ ကျား (၄၃၆)ဦးနှင့် မ(၃၁၆)ဦးကို ဝါးနက်ချောင်းလူမှုစောင့်ရှောက်ရေးစခန်းထံ အပ်နှံခဲ့ပြီး မိဘရှိသူ ကျား(၁၀၅)ဦးနှင့် မ(၁၃)ဦးကို မိဘခံဝန်ချက်ဖြင့် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

Advertisements
<

Leave a Reply