မော်လမြိုင်၊ ဖေဖော်ဝါရီ ၂

ရေးဖြူမြို့နယ်၊ မျောက်ချောကျေးရွာတွင် တောမီးလောင်းနေသည်ကို ဆိုင်ကယ်ဖြင့် သွားရောက်ငြိမ်းသတ်ရာ၌ လမ်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညအချိန်မှာ တောမီးလောင်နေသည်ကို သိရှိပြီး ခြံများမီးလောင်းသွားမည်ကို ဒေသခံတို့က စိုးရိမ်သောကြောင့် မီးသွားရောက်ငြိမ်းသတ်ရာတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေက တောမီးလောင်းနေတာကို သူတို့ ခြံတွေ မီးလောင်းမှာစိုးရိမ်နေကြတော့ ခြံသမားတွေကို မီးသွားငြိမ်းသတ်တာ ဆိုင်ကယ်နဲ့သွားတာ ဆိုင်ကယ်အရှေ့ဘီးနဲ့ တက်နင်းမိတော့ ပေါက်ကွဲတာ ဆိုင်ကယ်အရှေ့ဘီးကတော့ ကြေသွားတာ လူကတော့ လက်မှာ ဒဏ်ရာ အနည်းငယ်ရခဲ့တယ် “ဟု မွန်ပြည်သစ်ပါတီ ထာဝယ်ခရိုင် အထွေထွေအတွင်းရေးမှူး နိုင်ခင်အေးက ပြောသည်။

လက်ရှိအချိန်တွင် မြေမြှုပ်မိုင်းဆိုင်ကယ်ဖြင့် တက်နင်းမိသူ အသက် ၂၉ နှစ် ကိုစိုးဝင်းက လက်တွင် ဒဏ်ရာအနည်းငယ်ရရှိပြီး ဆေးရုံးတွင် ဆေးကုသမှုခံယူထားခြင်း မရှိဘဲ ကျေးရွာတွင်သာ ဆေးကုသမှုခံယူထားကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း ဒေသခံခြံရှင်တစ်ဦးက ခြံသွားရာတွင် ခြံရှိ ရေပိုက်အနားတွင် မိုင်းတစ်လုံးထောင်ထားသည်ကို တွေ့ရှိပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများကို အသိပေးခဲ့ကာ ထာဝယ်ခရိုင် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက သွားရောက်ရှင်းလင်းပေးခဲ့ကြောင်း နိုင်ခင်အေးက ရှင်းပြသည်။

လက်ရှိအချိန်တွင် မည်သည့်အဖွဲ့အစည်းက မြေမြှုပ်မိုင်း လာရောက်မိုင်းထောင်ထားသည်ကို သိရှိထားခြင်း မရှိသေးသည့်အပြင် လက်ရှိအချိန်တွင် မြေမြှုပ်မိုင်းများရှိနေသည်ကို ဒေသခံများက ခြံသွားရန် ကြောက်နေကြကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

မွန်ပြည်သစ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ လှုပ်ရှားနေကြသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မကြာခဏမိုင်းပေါက်ကွဲနေသည့်ကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများ မျက်နှစ်ချင်းဆိုင် တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက တိုက်တွန်းထားမှုကို သတင်းဌာနများဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈ – ၂၀၁၉ ခုနှစ်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်းမကြာခဏ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ဒေသခံများလည်း ဒဏ်ရာများရရှိခဲ့ကြသည်။

Leave a Reply