Advertisements

ချောင်းဆုံ မတ်

ချောင်းဆုံမြို့နယ် ခရိုက်နှီးဟုကျေးရွာအုပ်စု တော်ပကောက်ကွင်းလယ်သမားတာ တည်ဆောက်ခြင်းလုပ်ငန်းမှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသည့် မင်းဂွတ်မိသားစု ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစည်သူအောင်က ပြောသည်။

“အခုဆောင်ရွက်နေတဲ့လုပ်ငန်းကို ၂၀၁၈- ၂၀၁၉ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၃၁,၅၅၀,၀၀၀ (ကျပ်၁၃၁၅ သိန်း ၅ သောင်း) နဲ့ ဆောင်ရွက်နေခြင်းဖြစ်တယ် ၊ လုပ်ငန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစတင်ဆောင်ရွက်ခဲ့တာဖြစ် တယ်။ လက်ရှိမှာ ပေ ၁၀၅၀၀ ကျော်ပြီးစီးနေပြီဖြစ်တဲ့အတွက် လုပ်ငန်း၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တယ် ။ လုပ်ငန်း အားလုံးကို မတ်လ ၂၅ ရက်အတွင်းမှာအပြီးသတ်ဆောင်ရွက်နိုင်မှာဖြစ်တယ်”ဟုဦးစည်သူအောင်ကပြောသည်။

လယ်သမားတာမှာ အရှည် ပေ ၁၄၀၀၀ ၊ အောက်ခြေအကျယ် ပေ ၄၀ ၊ ထိပ်ဝအကျယ် ၈ ပေ ၊ အမြင့် ၈ ပေ ဖြစ်ပြီး လုပ်ငန်းများပြီးစီးပါက အကျိုးပြုလယ်ဧက ၆၀၀ ကျော်ရှိ ကြောင်းချောင်းဆုံမြို့နယ် ဆည်မြောင်းဦးစီးဌာနမှူး ဦးခင်မောင်မောင်ဇော်က ပြောသည်။

တော်ပကောက်ကွင်းမှာ ပင်လယ်ကမ်းနားဖြစ်သည့်အပြင် လယ်သမားတာတမံများ အခိုင်အမာမရှိခဲ့၍ နှစ်စဉ် မိုးစပါးစိုက်ပျိုးလုပ်ကိုင်ရာတွင်ရေကြီး ရေလျှံမှု ၊ ရေငန်ဝင်ရောက်မှုများကြုံတွေ့နေရကြောင်း ၊ တာတမံဆောင်ရွက်ပြီးပါကလယ်ယာစိုက်ပျိုးရေးအတွက် အထောက်အကူ များစွာ ပြုနိုင်တော့မည်ဖြစ်ကြောင်း နယ်မြေခံ လယ်သမား ဦးမောင်က ပြောသည်။

“တော်ပကောက်မှာလူထုတွေ့ဆုံပွဲလုပ်ခဲ့တုန်းက ဒီကွင်းမှာလယ်လုပ်ကိုင်နေတဲ့လယ်သမားတွေကတင်ပြခဲ့ကြ တယ် ။ ဒီကွင်းမှာ လယ် ဧက ၅၀၀ ကျော် ၆၀၀ နီးပါးကတာတမံအခက်အခဲကြောင့်လယ်မလုပ်ဖြစ်တာလည်းကြာ ခဲ့ပြီ ။ ဒီအခက်အခဲကိုကူညီဖြေရှင်းပေးဖို့လယ်သမားတွေတင်ပြခဲ့တဲ့အတွက်လွှတ်တော်မှာမေးခွန်းတွေမေးခဲ့တယ် ။ ပြည်နယ်အစိုးရအဖွဲ့ကလည်းကတိကဝတ်တွေပေးခဲ့တဲ့အတွက် အခုနှစ်ဘတ်ဂျက်မှာလုပ်ငန်းတွေဆောင်ရွက် နိုင်ခြင်းဖြစ်တယ်”ဟုချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက ပြောကြားသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply