Advertisements

ဘားအံ ၊ ဧၿပီ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝတ်ကြီးဒေသ၌ တည်ဆောက်မည့် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဒေါ်ဒေဝီသန့်စင်က တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးလျှင် ကျောက်မီးသွေးသုံးလျှပ်စစ် ထုတ်နိုင်သည်ဟု သုံးသပ်ပြသည်။

“ကျောက်မီးသွေးကို တကယ်သုံးမယ်ဆိုရင် မြန်မာနိုင်ငံဟာ တံခါးပိတ်စီးပွားရေးကို လုပ်ရင် သုံးလို့ ရပါလိမ့်မယ်။ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ နိုင်ငံတကာခေါင်းဆောင်တွေက သဘောတူညီမှုတွေ ချမှတ်ထားတာရှိတယ်။ ဖွံ့ဖြိုးစနိုင်ငံတွေကိုတော့ ၂၀၅၀အထိ အချိန်ပေးထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုတော့ ၂၀၃၀အထိပဲ။ ကျောက်မီးသွေးကို လုံးဝ သုံးခွင့်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အဖွဲ့အစည်းတွေက လူအသေအပျောက်အများဆုံး၊ ဘယ်နှစ်မှာတော့ HIV ၊ ဘယ်နှစ်မှာတော့ ငှက်ဖျားရောဂါ၊ အဲဒီလို ထုတ်ပြန်လေ့ရှိတယ်။ အခု ၂၁ရာစုမှာ အသေအပျောက်အများဆုံးဟာ လေထုညစ်ညမ်းမှုပါ။ အဲဒီလေထုညစ်ညမ်းမှုရဲ့ အခြေခံကို ကြည့်လိုက်တဲ့အခါမှာ ကျောက်မီးသွေးက တစ်ခုပါနေလို့ပါ ” ဟု ဒေါ်ဒေဝီသန့်စင်က ဆိုသည်။

Advertisements
data-language="en"

ဧပြီလ ၂၈ရက်က သီရိဘားအံဟိုတယ် ခန်းမတွင် ‘ကျောက်မီးသွေးက လျှပ်စစ်လိုအပ်ချက်အတွက် အဖြေလား’ခေါင်းစဉ်ဖြင့်ဆွေးနွေးကြရာတွင် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဘန့်ဘွေးကုန်းကျေးရွာမှ ဒေသခံ စောဆန်းညွန့်က “ကျွန်တော်တို့ဆီမှာ ၂၀၁၂ခုနှစ်က ပြဋ္ဌာန်းထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ရှိပြီးသားပါ။ စက်ရုံတွေက အန္တရာယ်ရှိတယ်၊ စည်းမျဉ်းစည်းကမ်း မကိုက်ညီဘူးဆို ဥပဒေရှိပြီးသား၊ ဘာမှစိုးရိမ်စရာမရှိဘူး။ မကိုက်ညီဘူးဆို ပြည်သူက ထောက်ပြ၊ စောင့်ကြည့်အဖွဲ့တွေ ထောက်ပြ၊ ဒီအချက်နဲ့မကိုက်ညီဘူး၊ ဝန်ကြီးဌာနဆိုင်ရာတွေကို တင်ပြ၊ ဆိုင်းငံ့ခိုင်းမယ်။ ပြင်ခိုင်းမယ်။ ပိတ်သိမ်းခိုင်းမယ်။ လက်ရှိအစိုးရကလည်း ကျွန်တော်တို့ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရ၊ သူတို့ စည်းကမ်းနဲ့အညီ လုပ်နိုင်မယ်လို့ ယုံကြည်တယ်”ဟု ပြောသည်။

ဝတ်ကြီးကျေးရွာအုပ်စု၊ထုံးတောင်ကျေးရွာနှင့် သုံးအိမ်ကျေးရွာအနီး တည်ဆောက်မည့် ဓာတ်အား မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ယင်းစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ဒေသတွင်း ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရတာဝန်ရှိသူများအကြား ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံနိုင်သော အခြေအနေအား အများပြည်သူသိရှိစေရန် DVB ရုပ်သံက Debateအစီအစဉ်အနေဖြင့် လာရောက်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်တွင် ကရင်ပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုးလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်၊ အရပ်ဖက်ပညာရှင်အနေဖြင့် MATA ဗဟိုကော်မတီဝင် ဦးအောင်ဖြိုးကျော်နှင့် ဒေါ်ဒေဝီသန့်စင်တို့ ပါဝင်ဆွေးနွေးကြပြီး ဒေသခံများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအပါအဝင် ဦးရေ ၁၅၀ကျော် တက်ရောက်ကာ ပါဝင်ဆွေးနွေးခဲ့ကြသည်။

Written by ရာဟု (ဖားအံ)

Leave a Reply