အနားသားများ မွထွက်နေသော ပက်တူကာရံထားသည့် မြေစိုက်တဲထဲက အမျိုးသားလေးဦးမှာ တစ်ယောက် မျက်နှာကို တစ်ယောက် မကြည့်နိုင်ဘဲ မျက်နှာညှိုးနွမ်းနေကာ အရောင်မွဲမွဲ ထိုင်ခုံအရှည်ပေါ်တွင် နေကြသည်။

၎င်းတို့လေးဦးမှာ ရှေ့လာမည့် မိသားစု စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုများဖြင့် ထိုင်နေကြလေသည်။
ထိုအမျိုးသား လေးဦးသည် မော်လမြိုင်မြို့၏ ဈေးကြီးတံတား၌ ကုန်တင်ကုန်ချလုပ်ငန်း လုပ်ကိုင်နေကြသည့် အထမ်းသမား အလုပ်သမားများသာ ဖြစ်နေတော့သည်။

၎င်းတို့သည် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်သို့ ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းတံတားကို စမ်းသပ်ကာလအဖြစ် ဒေသခံများကို အာဏာပိုင်များက တံတားအပေါ် ဖြတ်သန်းခွင့် ပြုလိုက်အချိန်မှစပြီး လုပ်အားခဝင်ငွေ လျော့နည်းလာမှုကြောင့် မိသားစု စားဝတ်နေရေးကို ဝေခွဲမရ သောကများစွာ ဖြစ်နေသည်။

“ကျွန်တော်တို့ ဘဝတွေက ပြီးသွားပြီး၊ တစ်နေ့ ၄၀၀၊ ၅၀၀ ဆိုတဲ့ ပိုက်ဆံဟာ မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုမှ ရပ်တည်လို့ ရတော့မှာ မဟုတ်ဘူး”ဟု ကုန်ထမ်းသက် ၁၇ နှစ်ရှိပြီးဖြစ်သည့် မော်လမြိုင်မြို့နယ် ပြည်တွင်း ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ ခေါင်းဆောင် ဦးစိုးညွှန်ဟိန်းက မိသားစု စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်လာမည့်ပုံကို တွေးတော ပြောဆိုနေသည်။

လက်ရှိတွင် ကုန်တင်ကုန်ချရန် လာရောက်ကြသည့် အထမ်းသမားများ၏ တစ်နေ့ဝင်ငွေသည် ကားခ၊ တက္ကဆီခများကိုပင် ရရှိတော့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ကုန်တင်ကုန်ချ အထမ်းသမားများသည် တံတားကြီး မပြီးခင်က တစ်ဦးလျှင် တစ်နေ့ အထမ်းခ ၈၀၀၀ လောက် ရရှိခဲ့ရာမှ တံတားစမ်းသပ်ကာလ၌ ရရှိနေကြသည့် တစ်နေ့ ဝင်ငွေ ၄၀၀ ကျပ်အပေါ် ညည်းညူးနေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအား မေ ၉ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်၍ ဖွင့်လှစ်ပြီးပါက ၂၄ နာရီ ဖြတ်သန်း သွားလာခွင့် ပြုတော့မည်ဟု အာဏာပိုင် ပြည်နယ်အစိုးရ၏ ကြေညာချက်ကြောင့် ၎င်းတို့မိသားစု နောင်ရေးကို စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။

“အခုက အလုပ်တွေကို ထားပစ်ခဲ့လို့မရလို့ အလုပ်ဆင်းနေတာ ဖြစ်တယ်၊ စားဝတ်နေရေးအတွက် ဘာမှ မျှော်ကိုးစရာလည်း မရှိတော့ဘူး၊ တစ်နေ့ ၄၀၀ ၊ ၁၀၀၀ လောက်က ဘာမှ လုပ်လို့မရတော့ဘူး”ဟု အသက် ၅၀ ရှိပြီးဖြစ်သည့် ကုန်ထမ်းသမား ဦးညွှန်ဝင်းက ဆိုသည်။

“တခြားအလုပ်လုပ်စားဖို့က ဘာလုပ်စားရမလဲ မသိဘူး၊ ဒီမှာ ကုန်ထမ်းတဲ့ အလုပ်ကို လုပ်လာတာ ၁၇ နှစ် ရှိပြီး”ဟု ဦးစိုးညွှန်ဟိန်းက ပြောဆိုသည်။

ယခင်ခေတ်က ဆန်တစ်အိတ်ထမ်းလျှင် ဆန်တစ်ပြည့်ဖိုး ရကြပြီး၊ ယနေ့ခေတ်တွင် ဆန်တစ်အိမ်ထမ်းလျှင် ၂၀၀ ကျပ်သာရရှိကာ အထမ်းခ တိုးတောင်းပါက လုပ်ငန်းရှင်းများက တိုးပေးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်းသည် အမြဲတတ်နေပြီး တတ်ပြီးပါက ပြန်ကျခြင်း မရှိခြင်းကြောင့် ၎င်းတို့အတွက် များစွာ အခက်အခဲ ဖြစ်နေရကြောင်း ၎င်းက ဝေဖန်ပြောဆိုသည်။

မော်လမြိုင်မြို့နယ် ပြည်တွင်း ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ကို ၁၉၃၆ ခုနှစ်ကတည်းက ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယခင် မုတ္တမမှ မော်လမြိုင်မြို့ကို သံလွင်တံတား (မော်လမြိုင်) မဖွင့်လှစ်ခင်ကတည်းက ကုန်တင်ကုန်ချ လုပ်ငန်းကို လုပ်ဆောင်နေကြသည့် အလုပ်သမားများဖြစ်သည်။

သံလွင်တံတား (မော်လမြိုင်) ကို ၂၀၁၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့သည့်နောက်ပိုင်း၌ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ် ကုန်သွယ်မှုအတွက် ကုန်တင်ကုုန်ချ တာဝန်ကို ပြောင်းလဲ ရရှိခဲ့ကြသည်။

ထိုအထမ်းသမားများသည် မော်လမြိုင်မြို့ရှိ ကျိုက်ဖနဲဆိပ်အပါအဝင် ထားဝယ်တံတား၊ ရာမညတံတား၊ အမှတ် (၄) တံတား၊  မြိတ်တံတား၊ ဈေးကြီတံတားများကို မှီခို လုပ်ကိုင်ခဲ့ကြသည်။

ယခုတွင် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားသည့် တံတားကို ဖွင့်လှစ်ပြီးပါက ၎င်းတို့၏ ထမ်းသမား တာဝန်များလည်း ပျောက်ကွယ်တော့မည့် အခြေအနေ တစ်ရပ်ဖြစ်သည်။

အထမ်းသမားများအပြင် ချောင်းဆုံမြို့နယ်ရှိ ဒေသခံ ပြည်သူ ၁၂၀၀၀၀ ကျော်ကို မှီခိုလုပ်စားသည့် သဗ္ဗာန်သမား၊ စက်လှေသမား၊ တက္ကဆီသမား၊ ဈေးသည်များအပါအဝင် အလုပ်သမားပေါင်း ၈၀၀ ကျော် ရှိနေသည်။

“တံတားကို ပေးသွားကတည်းက ဝင်ငွေ မကောင်းတော့ဘူး၊ အခုဆို ၆၀၀၀ လောက်ရအောင် မနည်း ရှာကျန်ပြီး ဆွဲနေရတယ်”ဟု ထားဝယ်တံတားတွင် ဆိုင်ကယ်တက္ကဆီပြေးဆွဲနေသည့် ဦးဆံရှည်က ပြောဆိုသည်။

မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းတတ်နေသော သမီးမှာလည်း ကျောင်းပြီးရန် ၂ နှစ် ကျန်သေးသည့် အတွက် မည့်သည့်အလုပ် ပြောင်းလုပ်ရမည်ကို စဉ်းစားမရသေးကြောင်း ၎င်းက ဆိုသည်။

ဦးဆံရှည်သည် သမီးကျောင်းပြီးရန်အတွက် ဝင်ငွေကောင်းရသည့် အလုပ်တစ်ခုကို လိုချင်နေသည်။
ချောင်းဆုံမြို့နယ်သို့ ပြေးဆွဲမောင်းနှင်းနေသည့် စက်လှေသမား၊ သဗ္ဗာန်များကလည်း သံလွင်တံတား (မော်လမြိုင်) ဖွင့်လှစ်ပြီးနောက်ပိုင်း ယင်းကဲ့သို့ စက်လှေ မောင်းနှင်းခွင့်ကို ပိတ်ပင်လိုက်မည်ကို စိုးရိမ်မကင်း ဖြစ်နေကြပြန်သည်။

“ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ဒီလှေနဲ့ပဲ လုပ်လာတော့ ဒါပဲ လုပ်တတ်တယ်၊ စက်လှေမောင်းခွင့် ပိတ်လိုက်ရင်တော့ မိသားစုအတွက် တစ်ခုခု ရှာကြံလုပ်ရတော့မယ်”ဟု စက်လှေသမား ကိုသက်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့ကို မပေးလုပ်တော့ရင် ရွာပြန်ပြီး လယ်ပြန်ဖို့ပဲ ရှိတော့တယ်”ဟု သဗ္ဗာန်သမား ကိုလှထွန်းက ဆိုသည်။
တံတားစမ်းသတ်ကာလအတွင်း တစ်နေ့ဝင်ငွေ ၁၀၀၀ ကျပ်သာ ရှိတော့သည်အတွက်ကြောင့် ယခင် အလုပ်ဖြစ်သည့် လက်သမား လုပ်ငန်းကို ပြန်လုပ်တော့မည်ဖြစ်ကြောင်း သဗ္ဗာန်ဂိတ်မှူး ဦးထင်အောင်က ပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား ဖွင့်လှစ်ပြီးပါက အလုပ်လက်မဲ့ ဖြစ်သွားမည့် အလုပ်သမား ၈၀၀ ကျော်သည် တံတား ဖြစ်လာလို့ လူအများစု ဆက်သွယ်ရေး အဆင်ပြေလာမည့်အတွက် ဝမ်းသာနေကြသည်။
“တံတားဖွင့်လိုက်တော့ ပျော်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်သွားတာပေါ့၊ အများကို ကြည့်ရမယ်၊ ပီတိတော့ ဖြစ်ပါတယ်”ဟု ဦးထင်အောင်က ပြုံးရယ်လျက် ပြောဆိုသည်။

တံတားဖွင့်တော့မည့်အတွက် ဝမ်းသာ ပီတိဖြစ်နေသော်လည်း သူတို့ မိသားစု စားဝတ်နေရေးအတွက် ပြည်နယ် အစိုးရအနေဖြင့် လုပ်ကွက်နေရာတစ်ခု ဖန်တီးပေးရန် အလုပ်သမားများ မျှော်လင့်နေကြပြန်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်နယ်အစိုးရက အလုပ်သမားတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေ အဆင်ပြေမယ့် လုပ်ကွက် တစ်ခုလောက်ကို အလုပ်သမားတိုင်း တောင်းတနေကြတယ်”ဟု ဦးစိုးညွှန်ဟိန်းက ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့်အတွက် လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဥမကွဲ သိုက်မပျက်ဘဲ အလုပ်တစ်ခုလောက်ကို အတူတူ လုပ်ကိုင်ချင်ကြောင်း ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်း အဆင်ပြေစေရေးအတွက် နဖူးမှချွေး ခြေမထိကျခံပြီး လုပ်ကိုင်ခဲ့ကြသည့် အထမ်းသမားများနှင့် ခရီးသွား ပြည်သူများအတွက် ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးခဲ့သည့် စက်လှေ၊ သဗ္ဗာန်၊ တက္ကဆီများသည် မကြာမှီတော့ မည့်အချိန်တွင် အမေ့ခံ ဘဝများကို ရောက်ရှိတော့မည် ဖြစ်သည်။

မိသားစု စားဝတ်နေရေးအတွက် ကျရာအလုပ်ကို ပြောင်းလုပ်ကြရတော့မည့် အလုပ်သမားများသည် သူတို့ ပျောက်ကွယ်ရတော့မည်ဖြစ်သော်လည်း သူတို့ တင်မြှောက်ခဲ့သည့် ပြည်နယ်အစိုးရအပေါ် မျှော်လင့်ချက် အနည်းငယ် ရှိနေသည်။

များမကြာမှီအချိန်တွင် မော်လမြိုင်မြို့ ကမ်းနာလမ်း ဆိပ်ခံတံတားများဆီက လှုပ်ရှားမှု ပုံရိပ်သဏ္ဍာန်များသည် ပန်းချီးကား တစ်ချပ်အဖြစ် ရောက်ရှိလာတော့မည်လော။

Written by – ဇော်ထိုက်

Leave a Reply