ယက္ခဒီပဒေသဟု တင်စားခေါ်ဝေါ်ကြသည့် ဘီလူးကျွန်းကြီးပေါ်တွင် အမှီသဟဲပြုပြီး လုပ်ကိုင် စားသောက်နေသော ဦးမန်ငွေဝင်းတစ်ယောက် တောင်ဝှေးကို အချောကိုင်ရင် တက်ကြွနေဟန်ဖြင့် “တံတားကြီးပြီးတာနဲ့ ငါ့ပစ္စည်းတွေလည်း နိုင်ငံခြားရောက်ပြီပဲ”ဟု ပြောပြီး သူလုပ်နေသော တောင်ဝှေး အချောကိုင်ခြင်းကို အရှိန်မြင့်လိုက်သည်။

သူ၏ ရည်ရွယ်ချက်များ အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာနေခြင်းကိုလည်း ပြုံးရွှင်နေသောမျက်နှာထားက အတိုင်းသားဖော်ပြနေသည်။
ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာလွတ်ကျေးရွာတွင် နေထိုင်သည့် (555) ဆေးတံလုပ်ငန်းပိုင်ရှင် ဖြစ်သော ဦးမန်ငွေဝင်းမှာ ဆေးတံအမျိုးမျိုး၊ တောင်ဝှေး ဒီဇိုင်းအမျိုးမျိုး ထုတ်လုပ် ရောင်းချသူအဖြစ် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း တံတားကြီး ဖွင့်လှစ်ပါက လုပ်ငန်းတိုးချဲ့ရန် ကြံစည်နေသော တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

ဘီလူးကျွန်းကြီးပေါ်တွင် အမှီသဟဲပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များမှာ ၎င်းတို့ လုပ်ငန်းများကို တိုးချဲ့မည်ဟူသော မျှော်လင့်ချက်များ အကောင်အထည်ပေါ်လာတော့မည်ဖြစ်၍ ပျော်ရွင်နေကြပြီ ဖြစ်သည်။

ချောင်းဆုံမြို့နယ်တွင် လုပ်ကိုင်လျက်ရှိသော လက်မှုလုပ်ငန်းများကြောင့် မြန်မာနိုင်ငံအတွင်း လူသိများ ထင်ရှားသော မြို့တစ်မြို့ဖြစ်ပြီး ကျောက်သင်ပုန်း၊ ကျောက်တံ၊ ဆေးတံအမျိုးမျိုး၊ အရုပ်အမျိုးမျိုး၊ ဆိုဖာအမျိုးမျိုး၊ သားရေလုပ်ငန်းအမျိုးမျိုးတို့မှ အစ လူသုံးကုန်ပစ္စည်းအစုံအလင်ကိုလည်း ထုတ်လုပ် ရောင်းချကြသည်။
ထို့ပြင် သစ်သားပွတ်လုံးများ၊ သစ်သားတုတ်ကောက်များ၊ သစ်သားခွက်ယောက်၊ ပန်းကန်၊ သစ်သားအရုပ်၊ ပလာစတာရုပ်၊ ရေခဲအိတ်၊ ရေနွေးအိတ်၊ စက်ဘီးတာရာတို့ကိုလည်း ချောင်းဆုံမြို့နယ်မှ လုပ်ငန်းရှင်များက တစ်နိုင်တစ်ပိုင် ထုတ်လုပ်ကြသေးသည်။

သို့သော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော အခက်အခဲများကြောင့် ဘီလူးကျွန်းကြီးမှာ မဖွံ့ဖြိုးသည့် ဒေသတစ်ခုအဖြစ်သာ ရှိနေခဲ့သလို ဒေသထွက်ကုန်များမှာလည်း တစ်နိုင်တစ်ပိုင်အဆင့်မှ တက်မလာနိုင်ပဲ အချို့မှာလည်း လုပ်ငန်းရပ်နားလိုက်ရသည်အထိ ချို့တဲ့ခဲ့သည်။

ယခုတော့ ထိုသို့ မဟုတ်တော့ပြီ။ ၎င်းတို့၏ ဆန္ဒများအပြည့်အဝ အကောင်အထည်ဖော်ခွင့် ရတော့မည် ဖြစ်သည်။
ဘီလူးကျွန်းသားများ အဓိက အသုံးပြုရန်အတွက် တံတားကြီးလည်း ပြီးစီးသလောက်ဖြစ်နေပြီး မကြာမီ အချိန်ကာလအတွင်း အသုံးပြုခွင့်ရရှိတော့မည်ဖြစ်ရာ ဒေသထွက်ကုန်များကိုလည်း အချိန်နှင့် တစ်ပြေးညီ တင်ပို့ ရောင်းချနိုင်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

“တစ်ချို့ရပ်ထားတဲ့ လုပ်ငန်းတွေက တစ်ဖြည်းဖြည်း ပြန်စနေကြပြီ၊ တံတားကနေ တစ်ဆင့်သွားနိုင်တော့မှာ ဆိုတော့ အရောင်းအဝယ် အဆင်ပြေတာပေါ့”ဟု ပြီးခဲ့သည့် လပိုင်းကမှ ရပ်တန့်ထားသည့် သားရေကွင်း လုပ်ငန်းကို ပြန်လည်လုပ်ကိုင်နေသည့် ဒေါ်မိုးသူဇာက ဆိုသည်။

တက်လာသော ရော်ဘာကုန်ကြမ်းဈေးကြောင့် အမြတ်ရဖို့ အသာထား သားရေကွင်း တစ်ခါထုတ်လုပ်တိုင်း အရှူံးပေါ်နေသဖြင့် ကုန်ကျစရိတ် သက်သာစေရန် တံတားကြီးအား အသုံးပြုလိုခြင်းမှာလည်း မဆန်းပေ။

အဆိုပါ တံတားကြီးမှာလည်း သာမာန်တံတားမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ကျွန်းကြီးတစ်ခုနှင့် ဆက်သွယ် ထားသည့် ပထမ ဆုံးတံတားကြီးတစ်ခုဖြစ်သလို ပင်လယ်ဝတွင် ဆောက်လုပ်ထားသော ပထမဦးဆုံး တံတားကြီးတစ်ခု ဖြစ်သည်။

မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်မှ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာသို့ ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း တံတားကြီး၏ စီမံကိန်းကို ၂ဝ၁၂ ခုနှစ်က အကြိုလေ့လာရေးလမ်းကြောင်း ရွေးချယ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် သံမဏိသံပေါင် ကုန်းတံတားကြီးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း တံတားကြီးကို ၂ဝ၁၇ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း တံတား တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က ပြောသည်။
တံတားကြီးကို ငွေကျပ်စုစုပေါင်း ၅၉၈ဝဝ သန်းဖြင့် တည်ဆောက်ရန် လျာထားခဲ့ရာ ၂ဝ၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၇၉၉၇ ဒသမ ၄၁ သန်းကို သုံးစွဲခဲ့ပြီး ၂ဝ၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၁၈ဝ၂ ဒသမ ၅၉ သန်းကို သုံးစွဲထားကြောင်း ၎င်းက ဆိုသည်။

တံတား၏ အရှည်မှာ ၅၂ဝ၃ ပေရှိပြီး မုပွန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၆၈၉ ပေ၊ ကညှော်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၂၇၅၆ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၃ လက်မရှိပြီး မော်တော်ယာဉ်အလေးချိန် ၇၅ တန်အထိ ခံနိုင်အားရှိကြောင်း တံတားတည်ဆောက်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

ဘီလူးကျွန်းဒေသအနေဖြင့် ဆက်သွယ်ရေး လမ်းကြောင်းအပေါ် မူတည်ပြီး ၎င်းနှင့် ဆက်စပ်နေသည့် ပင်လယ်ရေနက် ဆိပ်ကမ်းလုပ်ငန်း၊ ကုန်စည်ထုတ်လုပ်မှုနှင့် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်ထွန်းကားလာနိုင်သည့် ဒေသတစ်ခုအဖြစ်လည်း စီးပွားရေးလုပ်ငန်းရှင်များက မျက်စိကျနေကြပြီဖြစ်သည်။

လက်ရှိအချိန်၌ ချောင်းဆုံမြို့နယ်ကို နိုင်ငံခြားမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း စိတ်ဝင်စားလျက်ရှိရာ တံတားကြီးပြီးလျှင် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် ဘီလူးကျွန်းဒေသအတွင်း ခြေချင်းပင် လိမ်နေကြပြီ။

“ဒီနောက်ပိုင်း သူတို့ (နိုင်ငံခြားသား) တော်တော်လာတယ်နော်၊ တစ်ချို့ကလည်း အလည်အပတ်ပုံစံမျိုးနဲ့ လာတာရှိသလို အများစုက ဒီမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုပြီး တို့ကိုပြောတာရှိတယ်”ဟု စက္ကူရုပ်အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်နေသည့် ဦးသက်ဝေက ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများကို စီးပွားဖြစ်လုပ်ငန်း စတင်လည်ပတ်သောနှစ်မှ စ၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၇ နှစ်ပေးလိုက်ခြင်းကလည်း ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူတစ်ခု ဖြစ်လာနိုင်သည်ဟုလည်း လုပ်ငန်းရှင်များက မျှော်လင့်နေကြပြီး ထိုအခွင့်အရေးကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန် အတွက်ကိုလည်း ၎င်းတို့က လိုလားလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ အခြားပြည်နယ်နှင့်တိုင်းများနှင့် နှိုင်းယှဉ်လျှင် မွန်ပြည်နယ်မှာ ပြည်တွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခြောက်ရာခိုင်နှုန်းရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝမရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။

အကယ်၍ နိုင်ငံခြားကုမ္ပဏီများက ချောင်းဆုံမြို့နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက မွန်ပြည်နယ်တွင် ပထမဦးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတင်ရာ ဒေသတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် မဖွံ့ဖြိုးသေးသည့် ဒေသဖြစ်သည့်အလျောက် အလုပ်အကိုင်များဖန်တီးပေးပါက လက်မှုနှင့် စက်မှုပညာပိုင်းဆိုင်ရာ နည်းပညာများနှင့် လုပ်ငန်းကျွမ်းကျင်မှုကိုလည်း တစ်နွယ်ငင် တစ်စင်ပါဟူသည့်စကား အတိုင်းအခွင့်အရေးများ ရရှိလာမည်ဖြစ်သည်။

လက်ရှိတွင်တော့ အစိုးရက အသေးစား အလတ်စားလုပ်ငန်း ငွေချေးဘဏ်မှ တစ်ဆင့် ချေးငွေများကို အတိုးနှုန်း သက်သာစွာ ထုတ်ပေးနေပြီး ပြည်ပနိုင်ငံများကလည်း ချောင်းဆုံမြို့နယ်အတွင်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိုင်းပြင်းလာကြသည်ကိုလည်း တွေ့ရကြောင်း ဘီလူးကျွန်းဒေသ မုဒွန်းရွာထွက် ကျောက်သင်ပုန်းများရောင်းချသည့် ကိုမြင့်ဝေကလည်း ၎င်း၏ အမြင်ကို ပြောပြသည်။

“လုပ်ငန်းတိုးချဲ့မယ်၊ အခုချေးငွေတွေ တင်ထားတယ်၊ ဒီငွေတွေ ရမယ်ဆိုတာနဲ့ ကျွန်တော်တို့လုပ်ငန်း တိုးချဲ့တော့မှာပေါ့”ဟု ဦးမန်ငွေဝင်းက ၎င်း၏ အစီအစဉ်ကို ပြောပြသည်။

ယခင်က လက်မှုထုတ်ကုန်အချို့ကို ရောင်းဝယ်ဖောက်ကားခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်ခဲ့သော ဖောက်သည်နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများပင်လျှင် ၎င်းတို့ ထုတ်ကုန်များကို ဝယ်ယူရန် ပြန်လည်ကမ်းလှမ်းလာကြပြီဖြစ်သည်။

ယင်းတို့အနက်မှ ဂျပန်နိုင်ငံသား လုပ်ငန်းရှင်များက ခြေလှမ်းပိုသွက်နေပြီး ကနဦးသတင်းများအရ ငွေကျပ် နှစ်ဘီလီယံ နီးပါးခန့်ကို ချောင်းဆုံမြို့နယ်ရှိ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း ချောင်းဆုံမြို့နယ်မှ လုပ်ငန်းရှင်များက ဆိုကြသည်။

ဘီလူးကျွန်းဒေသမှ လက်မှုလုပ်ငန်းများ တိုးတက်လာရန်အတွက် ဂျပန်ကုမ္ပဏီများက ငွေအားနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးမည်ဖြစ်ပြီး လက်မှုလုပ်ငန်းရှင်များက ထွက်ရှိလာသည့် အရည်အသွေးကောင်းသော လက်မှုပစ္စည်းများကို ဂျပန်နိ်ုင်ငံအတွင်းသို့ ပြန်လည်တင်သွင်းရမည်ဟူသော သဘောမျိုးဖြင့် ကမ်းလှမ်းထားသည့် ကုမ္ပဏီများလည်းရှိသဖြင့် လုပ်ငန်းရှင်များက လက်ခံသင့် မခံသင့်ဆိုသည်ကိုလည်း အမျိုးမျိုးတွေးတောချိန်ဆနေကြရလေသည်။

“သူတို့တွေက မက်လုံးအမျိုးမျိုးပေးပြီး ဒီမှာလာပြီးရင်းနှီးမြှုပ်နှံနေကြတာနော်၊ ဒါကို သတိလည်း အကြီးကြီး ထားရတယ်၊ တို့လုပ်ငန်းတွေမှာ လာပြီးလက်ဝါးကြီးအုပ်ပြီးတော့ ချုပ်ကိုင်တာမျိုးဆိုရင်တော့ တို့ကလုံးဝ လက်မခံဘူး”ဟု ဦးမန်ငွေဝင်းက ၎င်း၏ သဘောထားကို ပြောဆိုလေသည်။

စီးပွားရေးပိုင်းဆိုင်ရာတွင် တိကျသည့်မူဝါဒများ ချမှတ်ရာ၌ အားနည်းချက်များရှိသဖြင့် ပြည်ပကုမ္ပဏီများက ဘီလူးကျွန်းဒေသအတွင်း လာရောက်ရင်းနှီးမြှုပ်နှံခြင်းကို ချက်ခြင်းပူးပေါင်းလုပ်ဆောင်မှု မလုပ်သေးပဲ စောင့်ကြည့်လျက်ပင် ရှိသေးကြောင်းလုပ်ငန်းရှင်တစ်ချို့ကလည်း ပြောသည်။

၎င်းအပြင် မော်လမြိုင်မြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ချို့ကလည်း ဆေးတံကဲ့သို့သော လက်မှုပစ္စည်းများကို ကော်မရှင်သဘောမျိုး ၎င်းတို့ထံမှ မှာယူကာ ဟိုတယ်အတွင်း၌ ပင်ရောင်းချပေးလာကြပြီဖြစ်သဖြင့် အသေးစား လုပ်ငန်းရှင်များအတွက် အားတက်ဖွယ်ပင်ဖြစ်လေသည်။

ထို့ကြောင့် လုပ်ငန်းတိုးချဲ့ရာတွင် လိုအပ်လာမည့် လုပ်သားလိုအပ်ချက်အတွက် ပြင်ပနိုင်ငံများတွင် အလုပ်ထွက်လုပ်နေကြသည့် သားသမီးများကိုလည်း နေရပ်သို့ပြန်လာရန် အသီးသီးမှာကြားနေကြလေပြီ။

“နိုင်ငံခြားထွက်သွားတဲ့သားတွေကို အိမ်မှာ အလုပ်ပြန်လုပ်ဖို့ ပြန်ခေါ်နေပြီ၊ မထူးတော့ဘူး ကိုယ့်နိုင်ငံမှာပဲ ကိုယ်လုပ်ဖို့ပြောထားတယ်၊ သူတို့လည်းပြန်လာကြမယ်တဲ့လေ”ဟု ဦးမန်ငွေဝင်းက ဆိုသည်။

ထို့ပြင် ပဲခူးရိုးမအနီးတွင် နေထိုင်ပြီး သစ်ထုတ်လုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်နေကြသည့် ဘီလူးကျွန်းသားများလည်း နေရပ်ပြန်လာမည်ဟု ပြောဆိုနေကြသဖြင့် ချောင်းဆုံမြို့နယ်၏ လုပ်သားလိုအပ်ချက်ပြဿနာမှာ တစ်ဖြည်းဖြည်း အဆင်ပြေလာမည်ဟုလည်း လုပ်ငန်းရှင်များက မျှော်လင့်နေကြလေသည်။

မည်သို့ပင်ဆိုစေကာမူ တံတားကြီးပြီးမြောက်ပါက လုပ်ငန်းရှင်အများစုမှာ ၎င်းတို့၏ တစ်နိုင်တစ်ပိုင် လုပ်ငန်းအဆင့်မှ လုပ်ငန်းကြီးအဆင့်သို့ရောက်အောင်အနှေးနှင့် အမြန်ဆိုသလို တိုးချဲ့လာတော့မည်ဖြစ်သည်။

ထိုသို့တိုးချဲ့ရာတွင် ပြင်ပမှကုမ္ပဏီများက လက်ဝါးကြီးမအုပ်စေရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာနစ်နာမှု အနည်းဆုံး ဖြစ်ရန်အတွက် အစိုးရကထိန်းညှိပေးရန်အတွက်ကိုလည်း ဒေသခံတစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်လေးများက ဆန္ဒရှိနေကြသည်။

“ငါတို့က အိုပြီဆိုတော့ ဒီပညာတွေကို လူငယ်တွေဆီကို လက်ဆင့်ကမ်းသင်ပေးရတော့မယ်၊ ဒါကို မပျောက်ပျက်အောင်တော့ အချင်းချင်းထိန်းသိမ်းကြရမှာပေါ့”ဟု ဦးမန်ငွေဝင်းက ဆိုလေသည်။

Written by – ဖိုးဝ

Leave a Reply