Advertisements

ဒီတစ်ပတ် အစာလည်းဆေး၊ ဆေးလည်းအစာ ကဏ္ဍမှာ ဖော်ပြပေးချင်တာက ရာသီမရွေး အချိန်အခါမရွေးရနိုင်ပြီး၊ လူတိုင်းလည်း ဝယ်ယူစားသုံးနိုင်ကာ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ချဉ်ပေါင်ပင်အကြောင်းပဲဖြစ်ပါတယ်။ ချဉ်ပေါင်ဟာ MALVACEAE မျိုးရင်းမှာပါဝင်ပြီး အင်္ဂလိပ်လို – ROSELLE လို့ခေါ်ကာ ရုက္ခဗေဒအမည်ကတော့ Hibiscus sabdariffa ဖြစ်ပါတယ်။ အပူပိုင်းဒေသနဲ့ သမပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပြီး အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ စတင်ပေါက်ရောက်ခဲ့တယ်လို့ ယူဆရပါတယ်။ အလွန်အေးသော အရပ်မှလွဲပြီး ချဉ်ပေါင်ကို မြန်မာပြည်အနှံ့စိုက်စိုက်ပျိုးကြပါတယ်။

ချဉ်ပေါင်ကို မကြိုက်သူမရှိလောက်အောင် လူတိုင်းနီးပါးနှစ်သက်ကြပြီး သူဟာ ထမင်းမြိန် ဟင်းလျာတစ်ခုလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဆေးဖက်ဝင်တဲ့ အစားအစာတစ်ခု ဖြစ်တာကိုတော့ လူတိုင်းမသိကြပါဘူး။ သူ့မှာ Vitamin C နဲ့ သတ္တုဓာတ်တို့ အမြောက်အမြားပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးပါတယ်။ သွားဖုံးနဲ့ သွားတို့ကို ကျန်းမာစေပြီး free radicals အန္တရာယ်မှ ကာကွယ်ပေးပါတယ်၊ ပြီးတော့ အရွယ်ကိုနုပျိုစေပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလည်း နည်းပါးစေပါတယ်။ အဆုတ်ကိုလည်းကျန်းမာစေပါတယ်၊ အအေးပတ်တာ၊ နှာစေးချောင်းဆိုး ကူးစက်ရောဂါတွေနဲ့ နှာရည်ယို နှာပိတ်တွေလည်း ကာကွယ်ပေးပါတယ်။

ချဉ်ပေါင်ရွက်ထဲမှာ hydroxyl နဲ့ amino အက်ဆစ်တွေ ကြွယ်ဝစွာပါတဲ့အတွက်လည်း ဆီးအားကောင်းစေပါတယ်၊ ဆီးရွှင်ပြီး ဝမ်းကိုလည်း သက်သာစေပါတယ်။ အူသိမ်၊ အူမတို့ကိုလည်းကောင်းကျိုးပြုပါတယ်။ Calcium ဓာတ်အမြောက်အမြား ပါရှိတဲ့အတွက် အရိုးကို သန်မာစေပါတယ်၊ အာရုံအကြောအဖွဲ့အစည်းများနဲ့ ကြွက်သားများဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်၊ သွေးကျဲခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ခြေဖျား လက်ဖျား တဆစ်ဆစ် နာကျင်တာ ထုံထိုင်းလေးလံတာတွေကို သက်သာပျောက်ကင်းစေပါတယ်၊ ကလေးငယ်တွေ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ချဉ်ပေါင်ဟာ အရွက်သာမက တစ်ပင်လုံးလည်း ဆေးဖက်ဝင်ပါတယ်။ ချဉ်ပေါင်ပွင့်ဟာနှလုံးရောဂါ ကိုကာကွယ်ပေးပါတယ်။ချဉ်ပေါင်ဖူးရဲ့အစေ့ကို အဆီထုတ်ပြီး အဲဒီအဆီကို အရေပြားပေါ်မှာရှိတဲ့ အနာအမျိုးမျိုးကို လိမ်းပေးခဲ့ရင် ရောင်ကိုင်းနေတာတွေကိုသက်သာစေပြီး အနာလည်းအကျက်မြန်စေပါတယ်။ ချဉ်ပေါင်ရွက်ကို မီးမြှိုက်ပြီး အုံပေးခဲ့ရင်လည်း ခြေလက်ပြတ်ရှနာတွေ၊ဖက်ခွက်နာနဲ့ ပြည်တည်နာတွေကုုုိ သက်သာပျောက်ကင်းစေပါတယ်။

ချဉ်ပေါင်ဖူးဖျော်ရည်ကို သောက်သုံးပေးခဲ့ရင်လည်း ချောင်းဆိုးရောဂါကို သက်သာပျောက်ကင်းစေပြီး လူကိုလန်းဆန်းစေပါတယ်။ အစာနင်တာ အစာမကြေတာတွေ ဖြစ်ခဲ့ရင် ချဉ်ပေါင်စေ့ပြုတ်ထားတဲ့အရည်ကို သောက်ပေးခဲ့ရင် ပျောက်ကင်းစေမှာဖြစ်ပါတယ်။ တချို့အရပ်ဒေသတွေမှာဆိုရင် ချဉ်ပေါင်ရွက်အရင့်တွေ၊ အပွင့်နဲ့အသီးတွေကို နေပူပူမှာ အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်းလုပ် သောက်လေ့ရှိကြပါတယ်။ ချဉ်ပေါင်ရွက်ကို လက်ဖက်ရည်ကြမ်းသောက်သုံးပေးခဲ့ရင် ကိုလက်စထရောကို ကျစေတယ်၊ ဒါကြောင့်ကိုယ်အလေးချိန်ကျပြီး သွေးလည်ပတ်နှုန်းကိုလည်း ကောင်းမွန်စေပါတယ်။

ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း ဟန့်တားကာကွယ်ပေးနိုင်ပါတယ်။ ဒူးရင်းသီးစားပြီးရင် မင်းကွတ်သီးစားပေးသလိုမျိုး ချဉ်ပေါင်သီးဖျော်ရည်ကို သောက်သုံးပေးခဲ့ရင်လည်း အပူကန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ချဉ်ပေါင်ဟာ မြန်မာလူမျိုးတို့ရဲ့ ကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီး ဈေးတွင် ရောင်းရတွင်ကျယ်သလောက် အမျိုးမျိုးလုပ်စားလို့ရပါတယ်။ အကြော်၊ အချက်အပြင် အဖူူး၊ အပွင့်တို့ကို ထန်းလျက်ဒါမှမဟုတ် သကြားတို့နဲ့ ယိုထိုးစားလို့လည်းရပါတယ်။ ဒါ့ကြောင့်မို့ လူတိုင်းကြိုက်နှစ်သက်ပြီး၊ နွေမိုးဆောင်း ရာသီမရွေးလိုသလောက်ရနိုင်တဲ့ ချဉ်ပေါင်ကို ထမင်းမြိန်ဟင်းနဲ့ရော၊ ဆေးဖက်ဝင်အစာဖြင့်ပါ လက်မလွှတ်တမ်း စားပေးသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။

ဖိုးဝီဇ

Leave a Reply