Advertisements

ဥရောပသမဂ္ဂ(EU)မှ ဗြိတိန်(UK)နိုင်ငံ နုတ်ထွက်ရေးကိုအထူးလိုလားသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်သည် ထရီဆာမေ၏ ဝန်ကြီးချုပ်ရာထူးနေရာအတွက်ယှဉ်ပြိုင်မှု၌ အနိုင်ရရှိသွားပြီဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း ကက်ဘိနက်အဖွဲ့သစ်တစ်ရပ်ကိုဖွဲ့စည်းတော့မည်ဖြစ်သည်။

ကွန်ဆာဗေးတစ် ခေါင်းဆောင်သစ်တစ်ဦးလည်းဖြစ်သူ ဘောရစ်ဂျွန်ဆင်အနေနှင့် ဇူလိုင်လ၂၄ ရက်(ယနေ့) တွင် ဘတ်ကင်ဟမ်နန်းတော်၌ ဘုရင်မကြီးနှင့်တွေ့ဆုံပြီးနောက် နေ့လယ်ပိုင်းကစ၍ ဒေါင်းနင်းလမ်းရုံးခန်းတွင် ဗြိတိန်ဝန်ကြီးချုပ်တာဝန်များကို စတင်ထမ်းဆောင်မည်ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးသည်နှင့် တစ်ပြိုင်နက်တည်း ဘောရစ်ဂျွန်ဆင်အနေနှင့်သူ၏ကက်ဘိနက်အဖွဲ့၏ ထိပ်ပိုင်းရာထူးနေရာများအတွက် လူရွေးချယ်ခန့်အပ်မှုများပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘောရစ်ဂျွန်ဆင်နှင့် နီးစပ်သော သတင်းရင်းမြစ်များက ဘောရစ်ဂျွန်ဆင်၏ ကက်ဘိနက်အဖွဲ့သည် ခေတ်မီသောဗြိတိန်နိုင်ငံ၏ ပုံရိပ်ကိုထင်ဟပ်စေလိမ့်မည်ဖြစ်သည်ဟု BBC သို့ပြောကြားသည်။

ထို့ပြင် ၎င်းအနေနှင့် ကက်ဘိနက်အဖွဲ့တွင် အမျိုးသမီးအမြောက်အမြားကို ခန့်အပ်နိုင်ရေး၊တိုင်းရင်းသားလူနည်းစုများ၏ ကိုယ်စားလှယ် ခန့်အပ်နိုင်မှုမြင့်မားစေရေးအတွက် အစွမ်းကုန်ကြိုးပမ်း သွားလိမ့်မည်ဟုလည်း ဆိုသည်။

ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်ရာတွင် ဘောရစ်ဂျွန်ဆင်သည် မဲစုစုပေါင်း၏ ၆၆ ဒသမ ၄ရာခိုင်နှုန်းရရှိကာ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ထ်ကို အပြတ်အသတ် အနိုင်ရရှိသွားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်နေရာရရှိရန် သေချာသွားပြီးနောက် ဘောရစ်ဂျွန်ဆင်က ၎င်း၏ နံပါတ် ၁ ဦးစားပေးကိစ္စမှာ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး (Brexit) အရေးကိစ္စအပြီးသတ် အကောင်အထည်ဖော်ရေးနှင့် နိုင်ငံတွင်းညီညွတ်ရေးတို့ဖြစ်သည်ဟု ဆိုသည်။

အီးယူအရေး လေ့လာစောင့်ကြည့်သူများကမူ ဘောရစ်ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာသောကြောင့် ဥရောပသမဂ္ဂအဖွဲ့၊ ဥရောပပါလီမန်တို့နှင့် ဗြိတိန်နိုင်ငံ ထိပ်တိုက်တွေ့မည့်လမ်းကြောင်းပေါ်သို့ တည့်တည့်မတ်မတ်ရောက်ရှိသွားကြောင်း ဝေဖန်သုံးသပ်ကြသည်။

ထို့ပြင် အီရန်နိုင်ငံနှင့် သံတမန်ရေးရာ လိပ်ခဲတည်းလည်းဖြစ်နေမှုလည်း ပိုမိုဆိုးရွားလာဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

လန်ဒန်မြို့တော်ဝန် တာဝန်လည်း ထမ်းဆောင်ဖူးသူ ဘောရစ်ဂျွန်ဆင်အနေနှင့် ထရီဆာမေထံမှ ဝန်ကြီးချုပ်တာဝန်ကို တရားဝင် လွှဲပြောင်းရယူပြီးနောက် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ဒေါင်းနင်းလမ်းမှနေ၍ တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောကြားမည်ဟုဆိုသည်။

Credit: BBC

Advertisements
<

Leave a Reply