Advertisements

ထားဝယ် ၊ ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် သီးနှံစိုက်ပျိုးမည့် မြေအနေအထားနှင့် ထည့်သွင်းရမည့် မြေသြဇာ စသည့် သွင်းအားစုများကို ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ မြေဆီလွှာဓါတ်ခွဲခန်းအား အသုံးပြုလျက် လာမည့် ဇူလိုင်လတွင် စတင်စစ်ဆေးပေးမည်ဖြစ်ကြောင်း ၊ ယင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဒု-ဦးစီးမှူး ဦးသန်းထိုက်က ပြောသည်။

“ အခုလောလောဆယ်အခြေအနေကတော့ အခမဲ့စစ်ပေးဖို့ အခြေအနေရှိတယ်”ဟု ဦးသန်းထိုက်က ဆိုသည်။
သို့သော် နောင်တွင် ပမာဏများပြားလာပါက ဓါတ်ခွဲခန်းသုံး ဓာတုဗေဒပစ္စည်းအချို့ ဝယ်ယူအသုံးပြုရမည်ဖြစ်၍ နှုန်းထားတရပ် သတ်မှတ်ကောက်ခံဖွယ်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ယင်းသို့ ဓါတ်ခွဲစမ်းသပ်ပြီးနောက် စိုက်ပျိုးမြေအတွက် သွင်းအားစုအမျိုးအစား၊ အချိုးအစား ပမာဏ၊ ထည့်သွင်းချိန်တန်သည့် ကာလစသည်တို့ကို အကြံပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လယ်မြေ၊ ရော်ဘာစသည့် စက်မှုကုန်ကြမ်း စိုက်ပျိုးမြေ၊ ဥယျာဉ်ခြံမြေ၊ ရာသီပေါ်သီးနှံစိုက်ပျိုးမြေ၊ မြေအားလုံးကို အဆိုပါဓါတ်ခွဲခန်းမှ စစ်ဆေး ပေးသွားမည်ဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုအပေါ်မူတည်၍ အချိန်ကြာမြင့်နိုင်သည်ဟု ၎င်းက ပြောသည်။

ယခင်က စမ်းသပ်လိုလျှင် မြေနမူနာကို ထုပ်ပိုး၍ ရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ ပို့်ဆောင်၍ စမ်းသပ်ရပြီး ရက်သတ္တတစ်ပတ်မှ ၃လခန့်အထိ ကြာမြင့်သည်ဟု သိရသည်။

ယင်းမြေဆီလွှာဓါတ်ခွဲခန်းကို ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ် ၅၄ ဒသမ ၀၇၅သန်း အကုန်ကျခံ တည်ဆောက်ခဲ့ပြီး ဓါတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူရန် ငွေကျပ်၇၁သန်း သုံးစွဲခဲ့သည်ဟု သိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply