Photo - DNP

စောဇင်မောင်
ရန်ကုန် ဩဂုတ် ၂၅

၂၀၂၀ ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုသူရိန်လှိုင်က ပြောသည်။

“ပါတီအနေနဲ့က တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာပဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်” ဟု သူကပြောသည်။

ရွေးကောက်ပွဲတွင် ယင်းပါတီက လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရှစ်ဦးစလုံးမှာ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးခန့်သာ အနိုင်ရရန် မျှော်မှန်းထားကြောင်း သိရသည်။

“ကျွန်တော်တို့ပါတီက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းကတော့ အနိုင်မရရှိခဲ့ဘူး။ အဲဒါကြောင့် အခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရဖို့တော့ မျှော်မှန်းထားတယ်” ဟု ရွေးကောက်ပွဲမျှော်မှန်းချက်နှင့်ပတ်သက်၍ ၎င်းကပြောသည်။

အဆိုပါပါတီသည် တနင်္သာရီတိုင်းဒေသကြီးရှိ ကရင်၊ ထားဝယ်နှင့် ဆလုံ စသည့်လူမျိုးများ၏ တိုင်ရင်းသားအခွင့်များ၊ ငြိမ်းချမ်းရေးကိစ္စများတွင် ဝင်ရောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေပြီး အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ ပြည်သူများသည် ပါတီကြီးတစ်ခုထဲကိုသာ စွဲစွဲမြဲမြဲ ယုံကြည်အားကိုးသည့် အလေ့အထရှိခြင်းက ၎င်းတို့အတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်ဟု ဆိုသည်။

“အဓိကကတော့ ကျွန်တော်တို့ဒေသကလူတွေက တစ်ခုခုကိုယုံကြည်ရင် တအားယုံကြည်ကြ အားကိုးကြတယ်” ဟု ကိုသူရိန်လှိုင်က ပြောသည်။

ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က တစ်ဦးမျှ အနိုင်မရရှိခဲ့ပေ။

Photo-DNP

Leave a Reply