ထားဝယ်တွင် ဌာနဆိုင်ရာရုံး ၇ ခုမှ နိုင်ငံတော်အလံ အခိုးခံရ

ထားဝယ် ၊ ဖေဖော်ဝါရီ

ထားဝယ်မြို့ရှိ ဌာနဆိုင်ရာရုံး ၇ ရုံးတွင် စိုက်ထူလွှင့်တင်ထားသည့် နိုင်ငံတော်အလံများ ဖေဖေါ်ဝါရီ ၁၃ ၊ ညအချိန်က အခိုးခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုံမှန်အားဖြင့် နိုင်ငံတော်အလံကို ညနေ ၅နာရီခွဲတွင် ချကာ သိမ်းဆည်းရမည်ဖြစ်သော်လည်း ယင်းသို့မပြုလုပ်၍ အခိုးခံရသည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ရဲမှူးကြီးနေမျိုးက ပြောသည်။

“ခိုးတာမဟုတ်ဘဲနဲ့ ပညာပေးတာဖြစ်နိုင်တယ်”ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ရုံးဝင်းအတွင်းရှိ အလံတိုင်မှ ကြိုးကိုဖြတ်ပြီး အလံကို ယူဆောင်သွားခြင်းခံရ၍ ဖေဖေါ်ဝါရီလ ၁၃ရက် ည၁နာရီတွင် ရဲစခန်းသို့ လာရောက်သတင်းပို့သဖြင့် သွားရောက်စစ်ဆေးရာ ယင်းဖြစ်စဉ်ကို စစ်ဆေးတွေ့ရှိရသည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှသိရ သည်။

ယင်းနောက်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းစီမံကိန်းရုံး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာန၊အိမ်တွင်းအသက်မွေးပညာသင်ကျောင်း၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦး စီးဌာန၊ယဉ်ကျေးမှုပြတိုက်တို့တွင်လည်း နိုင်ငံတော်အလံ နှင့်ကြိုးများကို ဖြတ်၍ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ထားဝယ်မြို့ရှိ အချို့သော ဌာနဆိုင်ရာရုံးများမှာလည်း နိုင်ငံတော်အလံအား လွှင့်တင်ထားပြီး ပြန်လည်ချသိမ်းလေ့မရှိကြောင်း မြို့ခံများကပြောသည်။

ယင်းသို့ အလံများ ခိုးယူခံရခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်နေဆဲဖြစ်ပြီး အလံခိုးယူခံရသည့် အထက်ပါရုံးများအနေဖြင့် မည်သူက မည်သည့်အချိန်တွင် ဖြုတ်ယူသွားသည်ကို မသိရှိသေးပေ။

Written by တင်လွင့်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်