Advertisements

ထားဝယ်၊ မေ

ထားဝယ်ခရိုင်ရှိ လျှပ်စစ်ဓါတ်အားသုံးစွဲသူများအနက် ကျသင့်ငွေ ပေးသွင်းရန် သတ်မှတ်ရက်ကျော်လွန် နောက်ကျသူများထံမှ ဒဏ်ကြေးကောက်ခံမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသည့် Global Grand Services (GGS)ကုမ္ပဏီမှ မန်နေဂျာ(စီမံ)ကိုမြတ်သူက မေလ ၃ရက်နေ့က သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

“ဒဏ်ကြေးကိုကြောက်တော့မှလူတွေကလာဆောင်ကြမှာ၊ဒီလဆိုတော်တော်များများစောစောလာဆောင်ကြတယ်၊ အဲဒါကြောင့်ဒဏ်ကြေးကောက်တယ်၊ဒဏ်ကြေးမရှိရင် လူ တွေကအရင်လိုစည်းကမ်းပေါ့လျော့သွားလိမ့်မယ်။အဲဒါကြောင့်ပါ”ဟု ၎င်းကဆိုသည်။

ဓါတ်အားသုံးစွဲခများကို လစဉ် ၁၅ရက်နေ့နောက်ဆုံးထား ပေးသွင်းရန်နှင့် ယင်းနေ့ကျော်လွန်ပါက လျှပ်စစ်ဓါတ်အား ယာယီဖြတ်တောက်ကာ မီးဆက်ကြေး၂၀၀၀ကျပ်နှင့် ရက်လွန်ကြေး ၃၀၀၀ကျပ် ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက အသိပေးကြေညာထားသည်။

ဒဏ်ကြေးကောက်ခံမှု နှုန်းထားသတ်မှတ်ချက်ကိစ္စကို GGSကုမ္ပဏီနှင့်ညှိနှိုင်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးကြည်လှိုင်က ဟင်္သာမီဒီယာကို ဧပြီလနောက်ဆုံးအပတ်က ပြောသည်။ သို့သော်လည်း ဒဏ်ကြေးဖြစ်သည့် ရက်လွန်ကြေးနှင့် မီးဆက်ကြေးကို ယင်းတို့က ယခင်နှုန်းထားအတိုင်းကောက်ယူလျက်ရှိသည် ဟု ဓါတ်အားသုံးစွဲသူများထံမှ သိရသည်။

ယင်းသို့ဒဏ်ကြေးကောက်ခံပြီးဓါတ်အားမကြာခဏပြတ်တောက်လေ့ရှိ၍ GGSကုမ္ပဏီ၏ ဓါတ်အားဖြန့် ဖြူးရေးလုပ်ငန်းကို စောင့်ကြည့်နေသူများနှင့် ဓါတ်အား သုံးစွဲသူများအကြား ဝေဖန်မှုများဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါဒဏ်ကြေးကောက်ခံခြင်းကို မနှစ်သက်ကြောင်း၊ ပယ်ဖျက်သင့်ကြောင်း ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ထားဝယ်အခြေစိုက်လူထုအလင်းရောင်ကွန်ရက်မှ ကိုစိုးသက်အောင်က ထောက်ပြဝေဖန်ခဲ့သည်။

ယင်းဒဏ်ကြေးငွေကို ကုမ္ပဏီအကျိုးအတွက် သုံးစွဲခြင်းမပြုဘဲ ဒေသအတွင်းရှိ ဆေးရုံ၊ပရဟိတအဖွဲ့အစည်း စသည်တို့ထံ သွားရောက်လှူဒါန်းခဲ့ကြောင်း၊ ဆက်လက်ကောက်ခံပြီး ထပ်မံလှူဒါန်းသွားဦးမည်ဖြစ်ကြောင်းGGSကုမ္ပဏီမှကိုမြတ်သူက ပြန်လည်ရှင်းပြခဲ့သည်။

ထားဝယ်ပြည်သူဆေးရုံကြီးသို့ငွေကျပ်သိန်း၃၀နှင့်ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သို့ငွေကျပ် ၁၀သိန်း တို့အားGGSကုမ္ပဏီမှလှူဒါန်းခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့အနေဖြင့် ယင်းအလှူငွေမှာ ကုမ္ပဏီမှ ငွေမဟုတ်ဘဲ ဒဏ်ကြေးကောက်ခံငွေဖြစ်၍ လှူဒါန်းငွေအား ကုမ္ပဏီသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

GGSကုမ္ပဏီအနေဖြင့် လှူဒါန်းလိုပါက ကုမ္ပဏီမှရသည့်အကျိုးအမြတ်ထဲမှလှူဒါန်းရမည်ဖြစ်ကြောင်း၊ ဓါတ်အားပြတ်တောက်၍အလုပ်မလုပ်ရဘဲဆုံးရှုံးနစ်နာနေချိန်တွင်ရက်လွန်ကြေးနှင့်မီးဆက်ကြေးများပေးနေရသည်မှာလည်း မဖြစ်သင့်ကြောင်း ထားဝယ်တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

“လှူတယ်ဆိုတဲ့နေရာမှာ စေတနာပါမှအကျိုးရှိပါတယ်၊ ဒေသခံပြည်သူများမကြည်ဖြူဘဲ ရတဲ့ငွေကို လှူမယ်ဆို တာဟာ အဓိပ္ပါယ်မရှိဘူး၊ ဆင်သေကိုဆိတ်သားရေနဲ့ဖုံးဖို့ ကြိုးစားတာလို့ပဲမြင်ပါတယ်၊ပြည်သူတွေဆီကနေမကြည်ဖြူတဲ့ငွေတွေနဲ့လှူမယ်ဆိုတာကို လက်မခံဘူး”ဟု ကိုဝေဖြိုးက ဆိုသည်။

ကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသည့်စည်းကမ်းအရ ကောက်ယူထားသည့်ဒဏ်ကြေးဖြစ်၍မီးသုံးစွဲသူများထံပြန်ပေးရန်မရှိကြောင်း GGSကုမ္ပဏီမှ ကိုမြတ်သူက ဆိုသည်။

ထားဝယ်ခရိုင်၊ ကံဘောက်ဒေသမှ သဘာဝဓါတ်ငွေ့ဖြင့် ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ထားဝယ်ခရိုင်အတွင်းဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင်ရန် ယာယီလုပ်ကိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က GGS ကုမ္ပဏီအား ခွင့်ပြုထားသည်။

written by တင့်လွင်

Advertisements
<

Leave a Reply