ထားဝယ်၊ ဇွန်

ထားဝယ်ခရိုင်အတွင်းလျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက်တိုင်းဒေသကြီးအစိုးအဖွဲ့ အနေဖြင့် မည်သို့ဆက်လက်စီမံဆောင်ရွက်သွားမည်ကိုသိရှိလိုကြောင်း ဇွန်လ၂၆ရက်နေ့က ပြုလုပ်သောတနင်္သာရီတိုင်း ဒေသကြီးလွှတ််တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင်က  မေးမြန်းခဲ့သည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကိစ္စနှင့်ပတ်သက်၍ တင်ဒါအသစ် ပြန်လည်ခေါ်ယူစဉ်ကာလနှင့် တင်ဒါအောင်မြင်ပြီးနောက် တင်ဒါရရှိသောကုမ္ပဏီက လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆဲကာလများတွင် ပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက်  အထက်ပါအတိုင်းလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါအသစ်ခေါ်ယူမည်ဟုသိရှိရပါသဖြင့် တင်ဒါရရှိသော ကုမ္ပဏီက လျှပ်စစ်ရရှိရေးစီစဉ်ဆောင်ရွက်နေသည့်ကာလတွင် လျှပ်စစ်မီး ပြတ်တောက်မှု မရှိရန် လိုအပ်ပါတယ်“ ဟု  ဦးဝေဝေလွင်က ဆိုသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကိစ္စနှင့်စပ်လျဉ်း၍ ပြဿနာများစွာရှိနေခြင်းတို့ကြောင့် ယင်းကိစ္စများအား အဆင်ပြေပြေဆောင်ရွက်ပေးနိုင်ရေးကိုလည်း ဒေသခံပြည်သူများအနေဖြင့်မျှော်လင့်တောင့်တလျက်ရှိနေပါကြောင်း၎င်းက ပြောသည်။

တင်ဒါရရှိသောကုမ္ပဏီကလုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန်  ပြင်ဆင်ဆဲ ကာလများတွင် ပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက် ယခုနှစ်၊ မေလ ၃၁ရက်နေ့တွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အစည်းအဝေးအမှတ်စဉ် ( ၅ /၂၀၁၉) ဆုံးဖြတ်ချက်အပိုဒ် (၁၁၇)အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းအားယခုနှစ်ဇွန်လမှ စက်တင်ဘာလအထိ GGS ကုမ္ပဏီသို့ ယာယီလုပ်ကိုင်ခွင့်ပြုကြောင်း ဆုံးဖြတ်ဆောင်ရွက်ထားပါကြောင်း  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြန်လည်ဖြေကြားခဲ့သည်။

တိုင်းအစိုးရမှ GGSကုမ္ပဏီအား ယာယီ လုပ်ကိုင်ခွင့်ပြုသည့်ကာလအတွင်း  လျှပ်စစ်ဓာတ်အားခ(၁) ယူနစ် ၂၅ဝကျပ်နှုန်းနှင့် လမ်းမီး ၂၀၀ ကျပ်နှုန်းဖြင့် ယခုနှစ်၊ ဇွန်လမှ စတင်ကောက်ခံရန် လမ်းမီးခကို လမ်းမီးရှိသည့်နေရာတွင်သာ ကောက်ခံပြီးလမ်းမီးမရှိသည့်နေရာတွင် ကောက်ခံခြင်းမပြုရန်နှင့်လမ်းမီးမကောင်းသည့်နေရာများတွင် လမ်းမီး ပြင်ဆင်တပ်ဆင်ပေးရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

သို့သော် လက်ရှိအချိန်တွင် ထားဝယ်ဒေသအတွင်း အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ အကြိမ်ရေ ပိုမိုများပြားလာပြီး  ညဉ့်ဦးပိုင်တွင် မီးပျက်လေ့ရှိကြောင်း ထားဝယ်ဒေသခံများထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအား  ယခင်က ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ(DDPC) မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ယင်းနောက်၂၀၁၈ခုနှစ်၊ မတ်လတွင် Global-Grand Services Co.,Ltd(GGS)မှ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းအား ယာယီလုပ်ကိုင်ခွင့်ဖြင့်ယနေ့အချိန်အထိ လုပ်ကိုင်လာခဲ့သည်ဟု သိရသည်။

ယင်း GGS ကုမ္ပဏီမှ နိုင်ငံတော်အား ပေးသွင်းရန် သဘာဝဓာတ်ငွေ့ အကြွေးငွေကျပ် ၉ ဘီလျှံကျော်ကျန်ရှိနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်ပြဿနာများကြောင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်ကုမ္ပဏီတာဝန်ရှိသူများအား ဖမ်းဆီးတရားစွဲဆိုခြင်း ခံနေရသည်ဟု သိရသည်။

တင့်လွင်

Leave a Reply