ထားဝယ် နိုဝင်ဘာ

ဒေသခံနှင့်ခရီးသွားဧည့်သည်များ ထားဝယ်မြစ်အတွင်း လေ့လာနိုင်ရန် အတွက် နိုဝင်ဘာလကုန်ပိုင်း သို့မဟုတ် ဒီဇင်ဘာလဆန်းပိုင်းတွင် အပျော်စီးရေယာဉ်ပြေးဆွဲရန် လျာထားကြောင်း Dawei Light (Kyar Phyu Lay)ကုမ္ပဏီ ပိုင်ရှင် ဦးမျိုးအေးက ပြောသည်။

“လက်ရှိကတော့ သေချာအောင် လမ်းကြောင်းတွေ လိုက်လေ့လာနေတုန်းပဲ။ အခု လေးငါးရက် လိုက်လေ့လာပြီးရင် စပြီး ဆွဲတော့မယ်”ဟု ၎င်းက ဆိုသည်။

ကမြောကင်းတံတားအနီးရှိ DDPCကုမ္ပဏီဝင်အနောက် ဖက်မှ ထားဝယ်မြစ်အတိုင်း သုံးနေရာသတ်မှတ်ပြီး ပြေးဆွဲရန် စီစဉ်နေကြောင်း၊ ရေဖြူမြို့ဖက်သို့ တစ်ကြောင်း၊ သရက်ချောင်းမြို့ဆင်ဖြူပြင်ဆိပ်ကမ်းဖက်သို့ တစ်ကြောင်း၊ ထားဝယ်မြစ်အနောက်ဖက်ကမ်း ကျောက်နီမော်ဖက်သို့တစ်ကြောင်း ပြေးဆွဲရန် လေ့လာနေကြောင်း ၎င်းက ပြောသည်။

ယင်းသို့ ပြေးဆွဲရန် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနကို အကြောင်းကြားထားသည်ဟု ဦးမျိုးအေးက ဆိုသည်။

ထားဝယ်မြစ်ပြင်ထက် လည်ပတ်ဖူးခြင်း မရှိသေးသည့်အတွက် ခရီးစဉ်အသစ်တစ်ခုဖြစ်ရာ လုပ်သင့်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ထားဝယ်မြို့ခံ ဦစိန်ဝင်းက သူ့အမြင်ကို ပြောသည်။

ခရီးသည်ဦးရေအပေါ်မူတည်၍ နှုန်းထား ကို ညှိနှိုင်းသတ်မှတ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် သစ်သားလှေတစ်စီးဖြင့် ပြေးဆွဲရန် စီစဉ်ထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

တင့်လွင်

Leave a Reply