Advertisements

ထားဝယ် ၊ အောက်တိုဘာ

ထားဝယ်မြို့နယ်၊သဗျာကျေးရွာရှိ ထားဝယ်အရည်အသွေးမြှင့်ရော်ဘာထုတ်စက်ရုံတွင် နိုင်ငံတကာဈေးကွက်မှ လက်ခံနိုင်သည့် ရော်ဘာပြားများကို စတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် စက်ရုံကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၊ စက်တင်ဘာ ၂၅ရက်က စတင်၍ ရင်းနှီးမြှုပ်နှံသူ ရော်ဘာခြံရှင်များ၏ ရော်ဘာစေးရည်များဖြင့် စမ်းသပ်ထုတ်လုပ်ရာ အရည်အသွေးမြင့် ရော်ဘာပြားကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဂျပန်BRIDGE STONE ကုမ္ပဏီက ရော်ဘာအင်ဂျင်နီယာက စက်ရုံကို လေ့လာတယ်။ ထုတ်ထားတဲ့ ရော် ဘာပြားအရည်အသွေး ၉၅ ရာခိုင်နှုန်းအထိကို လက်ခံနိုင်တယ်လို့ပြောတယ်”ဟု ဦးအောင်မျိုး ကဆိုသည်။

အရည်အသွေးမြင့်ရော်ဘာပြားထုတ်လုပ်နိုင်ရန် နိုင်ငံအတွင်း ရော်ဘာပြားထုတ်လုပ်သူများနှင့် ထား ဝယ်ဒေသမှ အတွေ့အကြုံရှိ ရော်ဘာခြံရှင်များထံမှ လေ့လာခဲ့သည်ဟု ယင်းစက်ရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးတင်ဦးက ပြောသည်။

ယခုအချိန်တွင် ယင်းစက်ရုံသို့ ဂျပန်၊ တရုတ်၊ စင်ကာပူနိုင်ငံများမှ လာရောက်လေ့လာလျက်ရှိပြီး မွန်ပြည် နယ်မှရော်ဘာစိုက်ပျိုးထုတ်လုပ်သူများလည်း လာရောက်လေ့လာခဲ့သည်ဟု ၎င်းက ပြောသည်။

မြေ ၃၀ဧကအကျယ်အဝန်းရှိ ယင်းစက်ရုံအတွင်း ရော်ဘာစေးခဲစက်ရုံ၊ ရော်ဘာမှိုင်းခံရုံ၊ ရော်ဘာထုပ်ပိုးစက်ရုံ စသော အဆောက်အဦများ ဆောက်လုပ်ထားပြီး အခန်း ၂၄ခန်းပါ မှိုင်းခံစက်ရုံမှ ၁ခန်းတွင် ရော်ဘာပြားပေါင် ၁၁,၀၀၀ ထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စက်ရုံကို လုပ်သား ၅ ဦးဖြင့် လုပ်ဆောင်လည်ပတ်လျက်ရှိပြီး ရော်ဘာစေးရည် အထွက်များသော ဒီဇင်ဘာလတွင် တစ်ရက်လျှင် ရော်ဘာပြားပေါင် ၆၆,၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လုပ်သားဦးရေ ၁၅၀ ထိ တိုးမြှင့် အသုံးပြုမည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ကော့သောင်းမြို့၌လည်း အလားတူစက်ရုံတစ်ရုံကို တည်ဆောက်၍ စတင်လည်ပတ်နေပြီဖြစ်ကြောင်း ရော်ဘာခြံရှင်များထံမှ သိရသည်။

Leave a Reply