Advertisements

ထားဝယ်၊ ဇူလိုင် ၁၀

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန် တင်ဒါတင်သွင်းယှဉ်ပြိုင်သူများသည် လူမှုကွန်ယက်စာမျက်နှာများနှင့် မီဒီယာများတွင် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့အား အများပြည်သူအထင်အမြင်လွဲမှားစေသော ရေးသားမှုများ၊ ပြောဆိုမှုများပြုလုပ်ပါက တည်ဆဲဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့်အညီတရားစွဲဆို၍ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ယင်းကုမ္ပဏီအား တင်ဒါယှဉ်ပြိုင်မှုမှ ပယ်ဖျက်မည်ဟု ယင်းတင်ဒါတင်သွင်းသူများ လိုက်နာရမည့်စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

ယင်းအချက်အား တင်ဒါစည်းကမ်းတွင်ထည့်သွင်းပြီး ဘောင်ခတ်ခြင်းမျိုးမလုပ်သင့်ဘဲ့ အမှားယွင်းစွာပြောဆိုသူကိုသာ  အရေးယူသင့်ကြောင်း လူထုအလင်းရောင်ကွန်ရက်(ထားဝယ်)မှ ဦးခင်မောင်သိန်းက ပြောကြား သည်။

“ လူတွေက ကိုယ်မှားလုပ်ရင်ကိုယ်ခံရမယ်ဆိုတာအားလုံးသိပြီးသားလေ၊ ပွင့်လင်းမြင်သာမှုမရှိရင် အဆိုး ကိုသာ ဖြစ်စေတတ်တယ်”ဟု ဦးခင်မောင်သိန်းက ဆိုသည်။

ထို့အတူ လူ့အခွင့်အရေးစောင့်ကြည့်ရေးကွန်ရက်(HRW)မှ ဦးသန်းဝင်းက အများပြည်သူကြည်ညှိပျက်အောင်ရေးသားခြင်းမဟုတ်ဘဲ့ ဖြစ်ပျက်အမှန်တိုင်းကို ရေးလို့ရကြောင်း၊ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ ဂုဏ်သိက္ခာကိုမထိခိုက်စေဘဲ့ ဖြစ်ပျက်အမှန်များကို သက်သေခိုင်လုံစွာ ပြောနိုင်လျင် သရေဖျက်ရာမရောက်ကြောင်း ထောက်ပြသည်။

“ တကယ်တမ်းကတော့ ဝေဖန်ခွင့်ရှိရမယ်၊ ထောက်ပြခွင့်ရှိရမယ်”ဟု ဦးသန်းဝင်းက ဆိုသည်။

တင်ဒါယှဉ်ပြိုင်သည့်ကုမ္ပဏီများအနေဖြင့် စောင့်ထိန်းရမည်၊ ထိန်းချုပ်မည်ဆိုလျှင် ဖြစ်ပျက်အမှန်များကို မိမိတို့ထံပေးပို့လာလျှင် ချင့်ချိန်ပြီး လူမှုကွန်ရက် စာမျက်နှာအပေါ်တင်ပေးသွားမည်ဖြစ်ကြောင်း၎င်းက ပြော သည်။

၂၀၁၈ခုနှစ်၊ အစောပိုင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်တာ ဝန်ထမ်းဆောင်စဉ် က ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါယှဉ်ပြိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူချိန်ကလည်း အထက်ပါအတိုင်း တင်ဒါစည်းကမ်းထုတ်ပြန်ခဲ့သည်။

ယင်းတင်ဒါအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကက်ဘိနက်ဆုံးဖြတ်ချက်ဖြင့်ရုပ်သိမ်းခဲ့ပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်GGSကုမ္ပဏီကို ဓါတ်အား ဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ့ ယာယီ ဓါတ်အားဖြန့်ဖြုးခွင့်ပြုခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

ယခုအကြိမ်ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန်ခေါ်ယူသည့်တင်ဒါစည်းကမ်းချက် (၃၆)ချက်တွင် တင်ဒါ ယှဉ်ပြိုင်မည့် ကုမ္ပဏီဖက်မှဆောင်ရွက်ရမည်အချက်များ များ လွန်း၍ ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်ဟု သိရသည်။

လက်ရှိအချိန် ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ်လျှင် ၂၅၀ ကျပ်နှုန်း၊ မီတာတစ်လုံးလျှင် တစ် လ လမ်းမီးခ ၂၀၀ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

တင့်လွင်

Advertisements
<

Leave a Reply