Advertisements

ထားဝယ်၊ ဇွန်

ထားဝယ်မြို့ ဈေးကွက်ရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းမှာ ထိုင်းနိုင်ငံမှ သီးနှံဝင်ရောက်မှု အပေါ် မူတည်၍ အပြောင်းအလဲရှိနေကြောင်း သီးနှံလက်လီလက်ကားရောင်းဝယ်သူ မြို့ခံအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
“ရှမ်း(ထိုင်း)ပစ္စည်း ၃ရက်လောက် ပြတ်တာနဲ့ ဒေသထွက် ပစ္စည်းက ချက်ချင်း ဈေးတက်သွားတယ်”ဟု ကမ်းနားဈေးမှ သီးနှံရောင်းဝယ်လုပ်ကိုင်သူ ဒေါ်သီအောင်က ပြောသည်။

ထိုင်းဘက်မှ သီးနှံအဝင်မှာ ဈေးကွက်အတွင်း ရောင်းကုန်ပမာဏကိုသာမက ဒေသထွက်ပစ္စည်း ပေါက်ဈေးအတက်အကျကိုပါ အကျိုးသက်ရောက်ကြောင်း မြို့ခံ သီးနှံရောင်းဝယ်သူတို့က ဆိုသည်။

ထိုင်း- မြန်မာ နယ်စပ်၊ ထီးခီးကုန်သွယ်ရေးစခန်းတွင် တင်သွင်းခွင့်ပြုမထားသော သီးနှံ ၁၀မျိုးကို ဇွန်လ ၁၇ရက် ညနေ၆နာရီကျော်တွင် သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်၊ ယင်းနောက် ထားဝယ်တွင် သီးနှံများ ၃ရက်ခန့် ပြတ်လပ်သွားကာ ဒေသထွက် ဟင်းသီးဟင်းရွက်ဖြစ်သော ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ယခင်က ၃၀ ကျပ်မှ ၁၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်ဟု ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။ ယင်းဖြစ်စဉ်ကို သာဓကဆောင်လျက် ထိုင်းမှ တင်သွင်းခွင့်မရသည်နှင့် ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသခံတို့က တွက်ချက်ပြသည်။

ယခင်က မုန်လာဥနီမှာ ရန်ကုန်မှ တင်သွင်းလျှင် ၁ ကီလိုလျှင် ၃၅၀၀ကျပ်ရှိကြောင်း၊ ထိုင်းမှ တင်သွင်းလျှင် ကျပ် ၁၀၀၀ မျှသာ ပေါက်ဈေးရှိကြောင်း၊ ထိုင်းမှမရ၍ ပြတ်လပ်သည်နှင့် ကျပ် ၃၅၀၀ ထိ ဈေးတက် သွားကြောင်း လက်လီလက်ကားရောင်းဝယ်သူများက ဆိုသည်။ အလားတူ အခြားသီးနှံများလည်း ဈေးတက်ခြင်း၊ ဈေးကွက်အတွင်း ရောင်းကုန်ပြတ်လပ်ခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ပြောင်းဖူး၊ ခရမ်းချဉ်၊ ငရုတ်၊ သခွား၊ သခွားမွှေး၊ ဖရဲ၊ သီးနှံ(၆)မျိုးသာ ထိုင်းဘက်မှ တင်သွင်းရန် စိုက်ပျိုးရေးဦးစီးဌာနက ခွင့်ပြုထားသော်လည်း ထားဝယ်ဈေးကွက်အတွင်း၌မှု သီးနှံ အစုံအလင် ဝင်ရောက်ရောင်းချလျက် ရှိသည်။ ယင်းတို့ကို တင်သွင်းလိုလျှင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းရှိ ပိုးမွှားထိန်းချုပ်ရေးဓါတ်ခွဲခန်းတွင် ပိုးမွှားကင်းရှင်းကြောင်းထောက်ခံချက် ရယူရမည်ဟု တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ထောက်ခံချက်လက်မှတ်ရရှိရန်မှာ ၃ရက်ခန့် အချိန် ကြာမြင့်မည်ဟုလည်း ထပ်မံသိရသည်။

ဓာတုဆေးဝါးအသုံးပြု စိုက်ပျိုးထားသော ထိုင်းဖြစ် သီးနှံများမှာ စားသုံးသူ၏ ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ထားဝယ်ဒေသခံများက ဝေဖန်ပြောဆိုလေ့ရှိသော်လည်း ဈေးကွက်အတွင်း၌မူ အရွယ်အစားဖွံ့ထွား၍ ဈေးနှုန်းသက်သာသော ထိုင်းသီးနှံများမှာ ဝယ်လိုအားမြင့်တက်နေဆဲသာ ဖြစ်ကြောင်း သိရသည်။ ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်လက်မှတ်ရယူခြင်း မရှိသောသီးနှံတင်ယာဉ်ငယ်များမှာ ၂၀၁၃ခု၊ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း စတင်ဖွင့်လှစ်ချိန်မှစ၍ လက်ရှိကာလအထိ ထားဝယ်ဒေသအတွင်းသို့ ဝင်ရောက်လျက်ရှိသည်။

ထားဝယ်မြို့၊ကမ်းနားဈေးသို့ ထိုင်းမှ သီးနှံတင်သွင်းလာသည့် ယာဉ်မှာ ၄စီး(သို့) ၅စီး နေ့စဉ် ဝင်ရောက်နေသလို ဒေသအတွင်းရှိ အခြားဈေးကွက်သို့လည်း ဝင်ရောက်လျက်ရှိသည်ဟု သိရသည်။

ထားဝယ်ဈေးကွက်အတွင်းသို့ လက်ရှိအချိန်တွင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်သီး၊မုန်လာဥနီ စသည်တို့ ရန်ကုန်နှင့် မြန်မာပြည်အလယ်ပိုင်းမှလည်း ဝင်ရောက်သည်။

Written by တင့်လွင်

Advertisements
<

Leave a Reply