ထားဝယ်ဟင်းလျာ ချက်ပြုတ်ပြိုင်ပွဲ ကျင်းပမည်

ထားဝယ် နိုဝင်ဘာ

ထားဝယ်ရိုးရာဟင်းလျာချက်ပြုတ်ပြိုင်ပွဲကို ထားဝယ်မြို့ရွှေဝယ်သီရိအားကစားကွင်းအနောက်ဖက်ရှိ Bamboo Garden Restaurant ၌ လာမည့် ဇန်နဝါရီ ၄ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော ဟင်းလျာ ငါးမျိုး၊ အချိုပွဲ တစ်မျိုးအပြင် မိမိစိတ်ကြိုက် ဟင်းလျာ တစ်မျိုးကိုပါ ချက်ပြုတ်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင် လေးဦးပါဝင်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရာတွင် ထားဝယ်ဒေသအတွင်း ချက်ပြုတ်စားသောက်လေ့ရှိသော ရိုးရာဟင်းလျာ စားသောက်ဖွယ်ရာများကိုသာ ချက်ပြုတ်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ထားဝယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို)မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းစိန်က ပြောသည်။

“ပြိုင်ပွဲဝင်တွေ ခေါ်ယူဖို့အတွက် လက်ကမ်းစာစောင်တွေ ကြေငြာတွေနဲ့ အသိပေးမယ်”ဟု ၎င်းက ဆိုသည်။

ပြိုင်ပွဲကို အဆိုပါကော်မတီနှင့် Bamboo Garden Restaurantတို့က ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ထားဝယ်ဟင်းလျာများဟာ အခြားသော တိုင်းရင်းသားများရဲ့ဟင်းလျာများနဲ့ မတူဘဲ စားရသူတိုင်းလည်း ခံတွင်းတွေ့စေတယ်လို့ စားရသူတိုင်းရဲ့ သုံးသပ်ချက်တွေကို ကြားခဲ့ရပါတယ်”ဟု ထားဝယ်သူ မချစ်ဝင်းက ဆိုသည်။

ယင်းသို့ ပြိုင်ပွဲကျင်းပကာ ရိုးရာဟင်းလျာများကို ဖော်ထုတ်ခြင်းအားဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ၊ အခြားတိုင်းရင်းသားများလည်း သိမြင်လာပြီး စားသုံးသူ ပိုများလာမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်များလည်း ချက်ပြုတ်စားသောက်မှု ပုံစံနည်းနာများကို သိရှိနားလည်လာမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ပြိုင်ပွဲဝင်လိုသူများသည် ယခု ဒီဇင်ဘာ၂၀ ရက်နေ့ နောက်ဆုံးထား၍ အထက်ပါ Restaurant သို့ လျှောက်လွှာများ ပေးပို့ရမည်ဖြစ်ကြောင်း၊ ပထမဆုကို ငွေကျပ် ၄သိန်း၊ ဒုတိယဆု ကျပ် ၃သိန်း၊ တတိယဆု ကျပ် ၂သိန်းအပြင် အခြားဆုများကိုပါ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ရိုးရာအစားအစာစာရင်းကို ပြုစုရန် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ယခုနှစ် စက်တင်ဘာလက အကြောင်းကြားလာ၍ အစားအစာ ၃၆မျိုးကို အထက်ပါကော်မတီက ပြုစု၍ ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြန်လည်ပေးပို့တင်ပြထားကြောင်း သိရသည်။

တင့်လွင်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.