ထားဝယ် နိုဝင်ဘာ

ဒေသထွက် ငပိ အရည်အသွေးပြိုင်ပွဲကို ထားဝယ်မြို့ကမ်းနားလမ်းရှိ အပန်းဖြေကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

တန်ဆောင်တိုင်ပွဲတော်နှင့်အတူ နိုဝင်ဘာ ၁၉ မှ ၂၁ ရက်ထိ ကျင်းပမည့် ဒေသထွက်ကုန် ဈေးရောင်းပွဲတော်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ပြိုင်ပွဲကျင်းပပေးခြင်း ဖြစ်သည်။

“၂၀ရက်နေ့ ငပိပြိုင်ပွဲလုပ်မယ်၊ ငပိတွေကို FDAအဖွဲ့က စစ်မယ်”ဟု ပွဲကျင်းပရေးကော်မတီဝင် ဦးအောင်ကိုက ဆိုသည်။

ပြိုင်ပွဲဝင်ငပိများမှာ ဓာတုဆိုးဆေးပါဝင်မှုရှိ မရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန FDA က  အရည်အသွေးစစ်ဆေးမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ဆဲဖြစ်ကြောင်း ဦးအောင်ကိုက ပြောသည်။

ပြိုင်ပွဲဝင်လိုပါက ငပိစိမ်းအနည်းဆုံး သုံးပိဿာ၊ ငပိထောင်း၁၀ကျပ်သား၊ ငပိဖုတ်ဆီဆမ်း ၁၀ကျပ်သားခန့်စီကို နမူနာအဖြစ် ပြိုင်ပွဲမစတင်မီ တစ်ရက်အလိုတွင် ပွဲကျင်းပရေးကော်မတီထံ အပ်နှံပေးရမည်ဟု ကော်မတီက ကြေညာထားသည်။ ပြိုင်ပွဲဝင်သူသည် မိမိငပိစတင်ပြုလုပ်ထားသောကာလ၊ သက်တမ်းအချိန်၊ ပါဝင်သော ပစ္စည်းများ၊ ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်းရှင်းလင်းပြောပြပေးနိုင်ရမည်ဟု သိရသည်။

ဒေသထွက်ငပိကို ရောင်းဝယ်လုပ်ကိုင်နေသူ လက်လုပ်လက်စားများ မိမိ ငပိကို လူသိများလာအောင် အခြားဒေသမှ ဧည့်သည်များထံ မိတ်ဆက်ပေးသည့်သဘောဖြင့် ပြိုင်ပွဲကိုကျင်းပခြင်း ဖြစ်ကြောင်း၊ ပ ဒု တ ဆုများအပြင် ပြည်သူပေးသည့် ဆုဟူ၍ပါ ထည့်သွင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

ထားဝယ် ကမ်းနားဈေးမှ ဈေးသည်အနေဖြင့် ယင်းသို့ ပြိုင်ပွဲပြုလုပ်မည်ကို မသိရသေးကြောင်း၊  ငပိအပါအဝင် ရေထွက်ကုန် ရောင်းဝယ်သူ ဒေါ်စောအေးက ဆိုသည်။

ဒေသထွက်ကုန်ကို မိတ်ဆက်ကြော်ငြာပေးခြင်းဖြစ်၍ ယင်းသို့ပြိုင်ပွဲကျင်းပခြင်းအပေါ် နှစ်သက်ကြောင်း မောင်းမကန်ကျေးရွာနေ ဦးထွန်းကြည်က ပြောသည်။

အဆိုပါပွဲတွင် ဒေသကုန်ပစ္စည်းများဖြစ်သော ရေထွက်ကုန်၊ ဥယျာဉ်ခြံထွက်သီးနှံ၊ ထားဝယ်ရိုးရာ မုန့်ပဲသရေစာနှင့် အစားအသောက်များကိုလည်း ခင်းကျင်းပြသ ရောင်းချသွားရန် ရှိနေသည်။

တင့်လွင်

Leave a Reply