Advertisements

နိုဝင်ဘာ ၁၆ ၊ ၂၀၁၇။

ရက်လွန် ချိုချဉ်နှင့် စားသုံးရန် မသင့်ဟု ကြေငြာ ထားသည့် မုန့်များကို ထားဝယ်မြို့ ကမြောကင်း လမ်းပေါ်ရှိ DDPC ဈေးဝယ် စင်တာ၌ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) က သွားရောက်၍ ရှောင်တခင် စစ်ဆေး ခဲ့စဉ်၌ တွေ့ရှိ ခဲ့ကြောင်း ဒေါက်တာ ဟိန်းမင်းထက်က ပြောသည်။

ထိုသို့ တွေ့ရှိ ခဲ့ပြီးနောက်တွင် ဈေးဝယ် စင်တာအတွင်း ရောင်းချ နေသည့် အချိုရည်၊ ခေါက်ဆွဲခြောက်နှင့် အသင့် စားသုံး နိုင်သော ဟင်းထုတ် စသော အမျိုး ၂၀ ကို ဈေးကွက် နမူနာ ကောက်ယူခြင်းများ ပြုလုပ် ခဲ့ကာ ရန်ကုန်သို့ ပို့ဆောင်၍ ဓါတ်ခွဲ ဆန်းစစ်မှုများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါသည်။

“ကောက်ယူ ရရှိတဲ့ နမူနာ တွေကို ရန်ကုန်မှာ ရှိတဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဓါတ်ခွဲခန်း တွေကို ပေးပို့ပြီးတော့ ဓါတ်ခွဲ စမ်းသပ်တာ ပြုလုပ် ပါမယ်” ဟု ဒေါက်တာ ဟိန်းမင်းထက်က ဆိုသည်။

ဈေးဝယ်စင်တာ၌ ခင်းကျင်း ရောင်းချ ထားသည့် ကုန်ပစ္စည်းများသည် ပြင်ပရှိ စားသောက် ကုန်ထုတ် လုပ်ငန်းများမှ လာရောက်၍ တင်ရောင်း နေသည့် ပစ္စည်းများ ဖြစ်ပြီး လက်ရှိတွင် FDA က ခွင့်မပြုသည့် စားသောက်ကုန် ပစ္စည်းများ၏ ပိုင်ရှင် များအား ခေါ်ယူ၍ FDA ခွင့်ပြုချက် မရမခြင်း ထိုပစ္စည်းများအား DDPC ဈေးဝယ် စင်တာ၌ လာရောက် ရောင်းချခြင်း မပြုရန် သတိပေး ထားပြီး ဖြစ်ကြောင်း ဈေးဝယ် စင်တာမှ အမည်မဖော် လိုသည့် အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် DDPC ကုမ္ပဏီ၏ DDPC Shopping Center အပြင်၌ ဖွင့်လှစ် ထားသည့် Royal Coffee Shop အား FDA အဖွဲ့မှ ရှောင်တခင် စစ်ဆေး ခဲ့ရာ တွင်လည်း စားသောက်ကုန် ထုတ်လုပ်သည့် နေရာတွင် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည် များကို တွေ့ရှိ ခဲ့ရပြီး ပြင်ဆင်နိုင်ရန် စုစုပေါင်း အကြံပြုချက် (၁၈) ချက်ကို အကြံပြု ထားခဲ့ပြီး ၎င်းအချက် များကို (၁၄) ရက် အတွင်း အကြောင်းပြန် ပေးရမည် ဖြစ်ကြောင်းလည်း ဒေါက်တာ ဟိန်းမင်းထက်က ပြောသည်။

“ကောင်းမွန်တဲ့ ထုတ်လုပ်မှု ကျင့်စဉ်နဲ့ အညီ ထုတ်လုပ်ဖို့ အသိပေးခဲ့တယ်”ဟု ၎င်းက ဆိုသည်။

စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်း များသည် အစား အသောက် တာရှည်ခံ စေရန်နှင့် အရောင်အသွေး လှပ စေရန် အတွက် ခွင့်မပြု ဓါတု ဆိုးဆေးနှင့် တာရှည်ခံ ဆေးများအား သုံးစွဲ တတ်ကြပြီး တာရှည်ခံ စေရန် အတွက် “ဖော်လမင်” ဆေးရည်ကို သုံးစွဲ တတ်ကြသည်။

“ဖော်လမင်” နှင့် “လိုတာမင်းဘီ (မှိုအဆိပ်) ပါ အစားအသောက် မျာအား စားသုံး မိလျှင် အစာအိမ ်လမ်းကြောင်း ရောင်ရမ်းခြင်း လက္ခဏာနှင့် အစာဆိပ်သင့်ခြင်း လက္ခဏာများ ဖြစ်သော မူးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများ လက်တလောတွင် ဖြစ်ပေါ် စေနိုင်သည်။

“ဖော်လမင်” ဓါတု ဆေးရည်အား တာရှည် စားသုံး မိလျှင် အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ခြင်းနှင့် လိုတာမင်းဘီ (မှိုအဆိပ်) ပါသော အစားအသောက်များကို ရေရှည် စားသုံးမိပါက ကလေးများ ခန္ဓာကိုယ် ကြီးထွားမှု ထိခိုက် စေနိုင်သည်ဟု FDA တာဝန်ရှိသူ များက ဆိုပါသည်။

တနင်္သာရီ တိုင်းဒေသကြီး အတွင်း ယင်းသို့ FDA မှ ရှောင်တခင် စစ်ဆေးခြင်း များကို ခရိုင် ရုံးခွဲများ ရှိသော မြိတ်ခရိုင်၊ ကော့သောင်း ခရိုင်နှင့် တိုင်းရုံး ရှိသော ထားဝယ်မြို့ တို့တွင် ကွင်းဆင်း စစ်ဆေးခြင်း များကို ဆောင်ရွက်လျှက် ရှိသည်ဟု FDA အဖွဲ့ တာဝန်ရှိသူ များထံမှ သိရသည်။

ထားဝယ်မြိ့ ၊ မြို့မ စည်ပင်သာယာ ဈေးနှင့် ကမ်းနား ဈေးတို့တွင် ရောင်းချ နေသော စားသောက်ကုန်နှင့် အလှကုန် (၃၄) မျိုးတို့အား ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့က နမူနာ ကောက်ယူ၍ ရွှေ့ပြောင်း ဓါတ်ခွဲယာဉ်ဖြင့် စစ်ဆေး ခဲ့ရာ ပဲပြားနှင့် ငါးပိတို့၌ ခွင့်မပြု ဓါတု ဆိုးဆေးနှင့် တာရှည်ခံ ဓါတု ဆိုးဆေးများ သုံးစွဲ ထားသည်ကို တွေ့ရှိ ခဲ့ရပြီး ဖြစ်သည်။

DDPC ဈေးဝယ် စင်တာမှ နမူနာယူ၍ ဓါတ်ခွဲ စမ်းသပ်ထားသည့် နမူနာ ကုန်စည်များ၏ အဖြေအား သတင်းစာ၊ ဂျာနယ်များတွင် ကြေငြာ သွားမည် ဖြစ်သကဲ့သို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၏ ဝက်ဆိုဒ်နှင့် လူမှု ကွန်ရက် စာမျက်နှာ များ၌ အသိပေး သွားမည်ဟု FDA က ဆိုပါသည်။

Written by – တင့်လွင်

Advertisements
<

Leave a Reply