၁။ သံလွင်၏ ဒုက္ခ
သံလွင်မြစ်ဝှမ်းမှ ပြည်သူများသည် ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်ဘေးဒဏ်ကို ခခဲ့သြူများဖြစ်သည်။
စီမံကိန်းကြီးများအတွက် နေရာယူကာကွယ်ပေးရန် ဆင်နွှဲသည့် စစ်ကြောင်းများ၏ ဘေးရန်ကိုလည်း ခခဲ့ကြရသည်။
အမျိုးသမီးများနှင့်ကလေးငယ်များအပါအဝင် ထောင်နှင့်ချီသောပြည်သူများ မိမိနိုင်ငံအတွင်းတွင် အတည်မကျ နေရာပြောင်းရွှေ့နေထိုင်နေရသော ဒုက္ခသည်များဖြစ်ခဲ့ကြသည်။ တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများတွင်လည်း အတိဒုက္ခ ရောက်ခဲ့ကြရသည်။

thanlwin


၂။သံလွင်၏သောက

စစ်ဘေးဒဏ်အတန်ငယ်သက်သာမည့် အခြေအနေတွင်လည်း ရေကာတာစီမံကိန်းကြီးများ ရောက်ရှိလာမည်ကို ပူပန်သောက ရောက်နေကြရသည်။ စစ်ဘေးဒုက္ခသည်မှ စီမံကိန်းဒုက္ခသည်များအဖြစ် ကူးပြောင်းသွားမည့်အရေးကို ပူပန်နေကြရသည်။ မှီခိုနေထိုင်ရာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျောက်ကွယ်မည့် အရေးကိုပူပန်နေကြရသည်။ စစ်ကြောင့်ဖရိုဖရဲဖြစ်ခဲ့သော ရပ်ရွာလူ့အသိုက်အမြုံတို့ ပြန်လည်မတည်ဆောက်နိုင်မည်ကို ပူပန်နေကြရသည်။ အမျိုးအစားအစားသောလူစုများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် အမွေအနှစ်များ အားကြီးသောစီးပွားရေးနှင့် သယံဇာတထုတ်ယူမှုယန္တရား အောက်ပျောက်ကွယ်ရမည်ကို စိုးရိမ်နေရပါသည်။

၃။သံလွင်မြစ်၏ မျှော်လင့်ချက်
တိုင်းရင်းသားလူမျိုးစု အများဆုံးနေထိုင်ရာ သံလွင်မြစ်ကြီးသည် ငြိမ်းချမ်းရေးမြစ်ကြီးဖြစ်ရန်လိုပါသည်။ ရေကာတာစီမံကိန်းများကြောင့် သံလွင်မြစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများ၏ ဖြစ်တည်မှုနှင့် ဘဝလုံခြုမှုတို့ ပျက်စီးရလျှင် ငြိမ်းခြမ်းရေးကို ဖျက်ဆီးရာကျပါလိမ့်မည်။ သံလွင်ငြိမ်းချမ်းမှ လွတ်လပ်မျှတသည့်နိုင်ငံ ပေါ်ထွက်လာပါလိမ့်မည်။ ပြည်သူ့ဘဝ လုံခြုံမှုကို ရှေးရှုသောလုပ်ငန်းများ အားဖြင့်သာ ရှေ့ခရီးဆက်ကြရန် ဖြစ်ပါသည်။ သံလွင်မြစ်ကြီးကို ငြိမ်းချမ်းရေး မြစ်ကြီးအဖြစ် ကျွန်ုပ်တို့ တည်ဆောက်နိုင်ရပါလိမ့်မည်။

၄။ ဖွံ့ဖြိုးရေး၊ စွမ်းအင်ရရှိရေးဟူသော ခေါင်းစဉ်အောက်တွင် ပြည်သူတို့ ကြုံတွေ့ခဲ့ရသည်မှာ
(၁) ဆည်တည်ဆောက်မှုနှင့် အတူရောက်ရှိလာကြသူများမှာ သစ်ခုတ်သူများ၊ ရွှေတူးသူများ၊ ဖြစ်နေလေ့ရှိသည်။ ထိုသူတို့ကြောင့် ဆည်မဆောက်မီကပင် ရေမြေသဘာဝဝန်းကျင် အဆက်အစပ်တို့ ပျက်စီးကြရသည်။ ဆည်တည်ဆောက်ရာ ကျယ်ပြန်သည့် ဒေသအဝန်းအဝိုင်းတစ်ခုလုံးရှိ သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုကွင်းဆက်များပြတ်တောက်ကြရသည်။

(၂) ဌာနေ တိုင်းရင်းသားပြည်သူများ မိမိတို့၏ ဘိုးဘွားလက်ထက် ကတည်းက တည်ရှိခဲ့သော ရပ်ရွာဒေသတို့ကို စွန့်ခွာကြရသည်။
အခြေမကျ ဖြစ်ရပ်များနှင့်အတူ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ အစဉ်အလာများ ပျောက်ကွယ် ကြရသည်။

(၃) ရွှေ့ပြောင်းဝင်ရောက်လာသူတို့ကြောင့် ရပ်ရွာ၏ စုစည်းလည်ပတ်မှု ပျက်ယွင်းကြရသည်။

(၄) လက်နက်ပိုင်နှင့် အာဏာပိုင်တို့၏ အကာအကွယ်ဖြင့် အသစ်ရောက်ရှိလာကြသူတို့သည် ဒေသခံတို့၏ လူ့အခွင့်အရေးကိုချိုးဖောက်၍ ပဋိပက္ခများ ဖန်တီးတတ်သည်။

(၅) ဌာနေပြည်သူတို့၏တောတောင်ရေမြေရပ်ရွာဒေသကို အပြီးအပိုင် လုယူသွားသည်။ အစဉ်အလာ မြေမျက်နှာ သွင်ပြင်တို့ မမှတ်မိနှိင်လောက်အောင် ပုံစံပြောင်းရသည်။

(၆) ကိုယ်ကျိုးစီးပွားအတွက် နယ်မြေစားကျက်လုရာမှ လက်နက်ကိုင် အဖွဲ့ အချင်းချင်း ပဋိပက္ခ ဖြစ်၍ ပြည်သူတို့ မြေသြဇာပင် ဖြစ်ကြရသည်။

(၇) စီမံကိန်းနှင့် ဆက်စပ်သော ကိုယ်ကျိုးစီးပွားများအတွက် နေရာနှင့်လုပ်ကွက်များ ဖော်ထုတ်၍ လာဘ်ပေးလာဘ်ယူမှု အကြီးအသေး ပမာဏ အမျိုးမျိုး ဖြစ်စေသည်။

(၈) ရေစီးကြောင်း ပြောင်းလဲမှု ရေအပူချိန် ပြောင်းလဲမှုဖြင့် မြစ်ကြောင်းတစ်လျှောက် ရှိ သား၊ ငါး၊ သတ္တဝါ များနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေသည်။ ပြည်သူတို့၏ စားနပ်ရိက္ခာ လုံခြုံမှု ထိခိုက်ခံရသည်။

(၉) လူနည်းစု အကျိုးစီးပွားအတွက် လူများစုက ပေးဆပ်ရသော အခြေအနေမျိုး ဖြစ်လေ့ရှိသည်။

၅။ ပြည်သူတို့၏ မေးခွန်းများ

(၁) ဆည်များကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပိုမိုခက်ခဲသားစေလိမ့်မည်လော။
သံလွင်မြစ်ကြောင်းတစ်လျှောက် ရေကာတာတည်ဆောက်မည့် နေရာများသည် တိုင်းရင်းသားလူမျိုးစုများ မှီတင်းနေထိုင်ရာ ဒေသများဖြစ်သည်။ ပြည်တွင်းစစ်နှင့် နေရာရွှေ့ပြောင်းရမှု စသည့်ဒုက္ခများကို တွေ့ကြုံခံစားခဲ့ရသူများလည်းဖြစ်သည်။ မြစ်ကြောင်းတစ်လျှောက်ရှိ လူမျိုးစုဘဝများကို စီမံကိန်းလုပ်ငန်းကြီးများအား ဖြင့် ထပ်မံထိခိုက်နစ်နာစေလျှင် ငြိမ်းချမ်းရေးတည်ဆောက်မှု အလှမ်းဝေးဖွယ်ရာ ရှိသည်။

(၂) ဆည်များကြောင့် စစ်ရေးချဲ့ထွင်မှု ပိုမိုကျယ်ပြန့်လာကာ မငြိမ်းနိုင်သည့် ပဋိပက္ခ သံသရာလည်မည်လော။
မြန်မာနိုင်ငံအတွက် တည်ဆောက်မည့် ရေကာတာများသည် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နယ်မြေထဲတွင် တည်ရှိနေသည်။ စီမံကိန်းအတွက် စတင်ဖြင်ဆင်နေသည့် အချိန်မှစ၍ ရေကာတာတည်ဆောက်မည့် ဒေသအတွင်းတွင် စစ်အင်အား တိုးချဲ့ခြင်းများရှိခဲ့ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ဆည်တည်ဆောက်မှုတို့မှ ဆက်နွယ်နေသည်။ ရေကာတာတည်ဆောက်မည့် နေရာဒေသများမှ ပြည်သူ့များကို ဖယ်ရှားလင်းလင်းခြင်းအားဖြင့် လျော်ကြေးငွေစသည့် စရိတ်စကများသက်သာစေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲချက်များ ရှိနေသည်။

(၃) ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ငန်းစဉ်များကြောင့် အခွင့်အရေးချိုးဖောက်ခံရမှုနှင့် မကျေလည်မှုတို့ ကြီးစိုးနေမည်လော။
ဆည်တည်ဆောက်မှုနှင့် ပတ်သက်ပြီး သတင်းအချက်များမှာ အလွန်နည်းပါးလှသည်။ ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကြေညာချက်အတိုင်း သတင်းအချက်များကို လွတ်လပ်စွာ တင်ကြိုသိရှိပိုင်ခွင့်၊ ဆန္ဒ သဘောထား ပေးပိုက်ခွင့်တို့ မရရှိကြပါ။ လောလောဆယ်တွင် ဟတ်ကြီး ရေအားလျှပ်စစ်စက်ရုံနှင့် ပတ်သက်သည့် တရားဝန်ထုတ်ပြန်ထားခြင်းမရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်တချို့ကိုသာ သိရှိကြရသေးသည်။ ရေအားလျှပ်စစ်စီမံကိန်း ၆ ခုသာရှိသည်ဟု ပြောဆိုနေကြသော်လည်း အမှန်တကယ်စီစဉ်နေကြသည့် စီမံကိန်းများမှာ ၆ ခု မှ ၉ ခု အထိရှိသည်ဟုလည်း ဆိုသည်။

(၄) တရုတ်နိုင်ငံမှ ပညာရှင်များကိုယ်တိုင် ထိတ်လန့်နေသည့် ငလျင်အန္တရာယ်ကို အဘယ်ကြောင့် ထည့်မတွက်ကြပါသနည်း။
သံလွင်မြစ်ပေါ်မှ ရေကာတာစီမံကိန်းများကို ဝေဖန်နေကြသူများ၏ အဓိက စိုးရိမ်ပူပန်မှုမှာ စီမံကိန်း၏ အန္တရာယ်ပင်ဖြစ်သည်။ သံလွင်မြစ်သည် အရှေ့မြောက် အိန္ဒိယကုန်းတွင်းပိုင်းဒေသနှင့် ယူရေရှားကုန်းတွင်းပိုင်းဒေသ နှစ်ခုအကြားတွင် တည်ရှိသည်။ တရုတ်နိုင်ငံအတွင်းဘက်ခြမ်း စီမံကိန်း လုပ်ငန်းစဉ် အများစုကြီးမားသော ပြတ်ရွှေ့ကြောင်းပေါ်တွင် တည်ရှိနေသည်။ ထိုဒေသည် တရုတ်နိုင်ငံ၏ မြေငလျင်လှုပ်ရှားမှု အများဆုံးနယ်မြေဖြစ်သည်။

၁၅၁၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း သံလွင်မြစ်၏ အနောက်ပိုင်း ဤဒေသတွင် အဆင့် ၆ သို့မဟုတ် အဆင့် ၆ ထက် ပြင်းထန်သော မြေငလျင်လှုပ်ရှားမှု ၁၅ ကြိမ်ဖြစ်ခဲ့သည်။ တစ်နည်းဆိုရသော် အနှစ် ၃၀ တွင် တစ်ကြိမ်နှုန်း ဖြစ်ပွားခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စီချွမ်ပြည်နယ် မြေငလျင်သည် ရေလှောင်တမံကြောင့် ဖြစ်ပွားခဲ့ဖွယ်ရှိသည်ဟု ယူဆသည်။

(၅) ဒေသခံများ၏ စားနပ်ရိက္ခာလုံခြုံမှု ထိခိုက်နိုင်သည့် အခြေအနေများကို အဘယ်ကြောင့် လစ်လျူရှုကြပါသနည်း။
ငါးဖမ်းလုပ်ငန်း မြန်မာနိုင်ငံအတွင်းရှိ လူ့အသိုင်းအဝိုင်းများအတွက် ပရိုတင်းဓာတ်များ ဖြည့်ဆည်းပေးသည့် အဓိက အရင်းအမြစ်ဖြစ်ပြီး မြစ်ရေနှင့်အတူ ပါလာသော မြေဆီမြေနှစ်များသည်လည်း ဟင်းသီးဟင်းရွက် ခြံများနှင့် လယ်ယာလုပ်ငန်းများကို များစွာအထောက်အကူပြုနေသည်။ ဒေသခံတို့သည် ရေတက်ချိန်တွင် ရေချိုများကို ရေလှောင်ကန်များတွင် စုစည်းထားကြပြီး သောက်ရေ၊ သုံးရေအဖြစ်သော်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်သော်လည်းကောင်း ရေတက်ချိန်နှင့် ရေကျချိန်များကို ချိန်ကိုက်၍ အချက်ကျကျ စီမံခန့်ခွဲနေကြသည်။
သံလွင်မြစ်ကြောင်းတွင် ရေကာတာများတည်ဆောက်လိုက်ပါက မြစ်အောက်ပိုင်း တစ်လျှောက်ကို ပြောင်းလဲသွားစေမည်ဖြစ်သည်။
ထိုသက်ရောက် ပြောင်းလဲမှုများတွင် ရေစီးကြောင်း ပြောင်းလဲသွားခြင်း၊ မြေတိုက်စားခြင်း၊ ရေလယ်ကျွန်းများ ပျက်စီးခြင်း၊ မြစ်အောက်ပိုင်း စိုက်ပျိုးရေးများကို ပျက်စီးစေခြင်း၊ ငါးဖမ်းဆီးရရှိမှုများ လျော့နည်းလာစေခြင်းစသည့် ပြည်သူ့ စားနပ်ရိက္ခာ လုံခြုံမှု ထိခိုက်စေမည့် အခြေအနေများ ပါဝင်သည်။

(၆) လူအားလုံးနှင့် သက်ဆိုင်ပြီး တန်ဖိုးကြီးမားသည့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု ဖြစ်နိုင်ခြေများကို အဘယ်ကြောင့် အလေးမထားကြသနည်း။
မြန်မာနိုင်ငံအတွင်းရှိ ရေကာတာများအနက် ဟတ်ကြီးရေကာတာသည် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းနယ်မြေနှစ်ခုကို ရေလွှမ်းစေခြင်း၊ တာဆန်းရေကာတာသည် ဇီဝကွဲပြားမှုများပြားသော “ကျွန်းတစ်ထောင် နယ်မြေ” အ ပါအဝင် ထိခိုက်ပျက်စီးမှု နည်းပါးသည့် ကျွန်းသစ်တောများကို ရေလွှမ်းစေခြင်း၊ ဝဲကြီး ရေကာတာသည် ကယား-ကရင်ပြည်နယ် အကြားရှိ Montain Rainforests များကို ရေလွှမ်းစေခြင်းတို့ ဖြစ်လာမည်။ ရေကာတာများသည် ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသော ခိုးခေးဟု အမည်ရသည့် သံလွင်မြစ်၏ မြစ်ကွေ့တွင် မှီတင်းနေထိုင်ကြသော ရှားပါးသည့် တိရစ္ဆာန်အမျိုးအစားများကို ထိခိုက်နစ်နာစေမည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့်အတူ တိုင်းရင်းဆေးဝါး ဓလေ့တန်ဖိုးများ ဆုံးရှုံးကြရသည်။

(၇) ရေကာတာ အဆင့်ဆင့်ကြောင့် စုပြုံကျရောက်လာမည့် အကျိုးဆက် အလုံးစုံကို ခြုံငုံသုံးသပ်မှု အဘယ်ကြောင့် မပြုကြသနည်း။
ဆည်အဆင့်ဆင့်တည်ဆောက်မှုကြောင့် သံလွင်မြစ်ဝဒေသတွင် နုံးတင်မြေနု ပို့ချမှု ယုတ်လျော့လာခြင်းများ၊ ဆားငန်ရေ ပိုမိုဝင်ရောက်လာမှုများ၊ ရေစီးရေလာ ပြောင်းလဲမှုများသည် သန်းတစ်ဝက်ခန့်သာ ပြည်သူများအပေါ် သက်ရောက်မည် ဖြစ်သည်။ ထိုအခြေအနေများကြောင့် ဒေသ၏ စိုက်ပျိုးရေးထုတ်ကုန်များ ယုတ်လျော့လာပါက နိုင်ငံအဝှမ်း ရိုက်ခတ်လာနိုင်ချေရှိသည်။ ဆည်များ၏ ရေထိန်းချုပ်မှု၊ ရုတ်တရက် ရေလွှတ်ချမှုတို့ကြောင့် မြစ်ကြောင်း တစ်လျှောက်၏ လုံခြုံရေးလည်း ထိပါးလာလိမ့်မည်။ ဆည်တစ်ခုချင်းကိုသာမကဘဲ ဆည်အဆင့်ဆင့်၏ စုပေါင်းလွှမ်းခြုံ သက်ရောက်နိုင်ခြေများကို သေချာစွာ စိစစ်ရန်လိုသည်။

ကမ္ဘာမှာ နံပါတ် (၂၆) မြောက် အရှည်ဆုံးဖြစ်တဲ့ သံလွင်မြစ်ဟာ တိဗက်ပြည်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းပြီး မော်လမြိုင်မြို့မှာ ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်တဲ့အထိ (၁၈၄၉) မိုင် ရှည်လျားပါတယ်။ ကရင်ပြည်နယ်မှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ နယ်ခြားမြစ်အဖြစ် ၇၅ မိုင် စီးဆင်းပါတယ်။

ရေဝေရေလဲ (၃၂၄၀ဝ၀) စတုရန်းကီလိုမီတာရှိပြီး တရုတ်နိုင်ငံမှ ၅၃ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံမှ ၄၂ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံက ၅ ရာခိုင်နှုန်း ပါဝင်ကြပါတယ်။
တိုင်းရင်းသားများဖြစ်ကြတဲ့ ရှမ်း၊ လာဟူ၊ အခါ၊ လီဆူး၊ ပလောင်၊ ပဒေါင်း၊ ကယန်း၊ ယင်းတလဲ၊ ပအိုဝ်၊ ကရင်၊ မွန်၊ မြန်မာများဟာ သံလွင်မြစ်တစ်လျှောက် (၇)သန်းကျော် နေထိုင်ကြပါတယ်။

သံလွင်မြစ်တစ်လျှောက် အထူးသဖြင့် မြန်မာနဲ့ ထိုင်းနယ်ခြားမြစ်တစ်လျှောက်မှာ ကျရောက်တဲ့ ချိုင့်ဝှမ်းဒေသတွေဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး စွဲမက်ဖွယ် ရှုခင်းတွေဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာ သဘာဝအပန်းဖြေဥယျာဉ်နှစ်ခု သတ်မှတ်ပြီး ခရီးသွားလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်နေပါတယ်။
သံလွင်မြစ်တစ်လျှောက်မှာ ဆေးဖက်ဝင် သစ်မျိုးနွယ်များအပါအဝင် သစ်ပင်မျိုးစိတ်ပေါင်း (၇၀ဝ၀)ခန့် ပေါက်ရောက်နေပြီး သားရဲတိရစ္ဆာန်မျိုးစိတ်ပေါင်း (၇၀ဝ)၊ ငါးမျိုးစိတ်ပေါင်း (၁၄၀)ကျော်၊ ကမ္ဘာမှာ အပေါများဆုံးလိပ်မျိုးနွယ်ပေါင်း (၁၅)မျိုး ကျက်စားနေထိုင်ကြပါတယ်။

Leave a Reply