မော်လမြိုင်၊ မတ် ၉ ။ ။ ပြည်တွင်းဈေးကွက်အတွင်းသို့ ထိုင်းနိုင်ငံထွက် ကွမ်းသီးများဝင်ရောက်လာခြင်းကြောင့် ဈေးကွက်အတွင်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ထွက်ရှိသောကွမ်းသီးများ ဈေးှလျော့၍ ရောင်းချနေရကြောင်း မော်လမြိုင်မြို့ရှိ ကွမ်းသီးဒိုင် များထံမှ သိရသည်။

ရန်ကုန်၊မန္တလေးဈေးကွက်များသို့ တင်ပို့ခဲ့သော ရေးမြို့နယ်ထွက် ကွမ်းသီးများကို ယခင်က တစ်ပိဿာလျှင် ၄၄၀ဝ ကျပ်ဖြင့်ရောင်းချခဲ့ရာမှ ယခုလဆန်းမှစ၍ တစ်ပိဿာလျှင် ၄၁၀ဝ ကျပ်အထိ ဈေးလျော့၍ ရောင်းနေရကြောင်း မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းတွင် ကွမ်းသီးရောင်းဝယ် ရေးဒိုင် အဖြစ် လုပ်ကိုင်သော အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ဗီယက်နမ်တို့ အင်ဒိုနီးရှားတို့ဘက်က ကွမ်းစားတဲ့လူသိပ်မရှိဘူး။ အဲတော့ မြန်မာနိုင်ငံက ဈေးကောင်းလို့ဆိုပြီး ထိုင်းကလာသွင်းကြတယ်” ဟု ရေးမြို့မှကွမ်းသီးပွဲရုံလုပ်ငန်းရှင် ဦးဝင်းအောင်က ဆိုသည်။
Betel-Nut
ထို့အပြင် ခြောက်သားပိုကောင်းသော ထိုင်းကွမ်းသီးများမှာ တစ်ပိဿာလျှင် ၃၈၀ဝ ကျပ်သာရှိပြီး ဒေသထွက် ကွမ်းသီးများထက် ဈေးနည်းခြင်းကြောင့် ရေးကွမ်းသီးများကို ဈေးလျော့ရောင်းရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခင်က အိန္ဒိယနိုင်ငံသို့တင်ပို့ခဲ့သော ထိုင်းကွမ်းသီးများမှာ ပြည်ပဈေးကွက်တွင် အရောင်းအဝယ် ကျဆင်းလာသည့်နောက် ပြည်တွင်းရှိ ရန်ကုန်၊မန္တလေးကွမ်းသီးဈေးကွက်များတွင် ဝင်ရောက် ရောင်းချလာကြခြင်းဖြစ်ကြောင်း မော်လမြိုင်နှင့် ရေးမြို့ရှိ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်များကပြောကြားကြသည်။
ထိုသို့ဆက်လက်တင်သွင်းနေပါက ရေရှည်တွင် ဒေသခံကွမ်းသီးလုပ်ငန်းများအရှုံးပေါ်နိုင်ကြောင်း ၎င်းတို့က ပြောဆိုသည်။

မော်လမြိုင်မြို့ဈေးကွက်အတွင်း တနင်္သာရီတိုင်းမှ ထွက်သော မြိတ်ကွမ်းသီးနှင့် ကရင်ပြည်နယ်မှ ထွက်သော ကြာအင်းဆိပ်ကြီးကွမ်းသီးများရှိသော်လည်း ကွမ်းသီးဒိုင်များ၊ ကွမ်းသီးအရောင်းဆိုင်များနှင့် ကွမ်းယာဆိုင်များ သည် ရေးကွမ်းသီးကိုသာ အသုံးပြုမှုများပြားကြောင်း အဆိုပါ ကွမ်းသီးဒိုင်များထံမှ သိရသည်။

Written by – ရောင်နီဝင်း

Leave a Reply