Advertisements

နိုဝင်ဘာ ၁၅ ၊ ၂၀၁၇။

ထိုင်းနိုင်ငံသို့ အလုပ်ရှင် အလုပ်သမား ဆိုင်ရာ MOU စနစ်ဖြင့် သွားရောက်၍ ၂ လကြာ အလုပ်အကိုင် မရရှိပဲ ပြန်လာ ကြသည့် ရွှေ့ပြောင်း လုပ်သား (၆၀) ကျော် အနက် အချို့အား ကုမ္ပဏီများမှ နစ်နာကြေး ပြန်လည် ပေးအပ် ခဲ့ကြောင်း ကရင်ပြည်နယ် အလုပ်သမား ဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးအောင်ကျော်မင်းက ပြောသည်။

“ကျွန်တော်တို့ ပူးပေါင်း ညှိနှိုင်း ဖြေရှင်း ပေးလိုက်ပါတယ်၊ လပ်ကီး အလုပ်သမား ပို့ဆောင်ရေး အေဂျင်စီက သူတို့ပို့ပြီး အဆင် မပြေလို့ ပြန်ဝင်လာတဲ့ အလုပ်သမား ၃၀ ကို တစ်ယောက် ၈ သိန်းနှုန်းနဲ့ ပြန်ပေးလိုက်တယ်၊ နန်းထိုက် အလုပ်သမား ပို့ဆောင်ရေးက အလုပ်သမား (၇) ဦး အတွက် တစ်ယောက်ကို ၄ သိန်း နှုန်းနဲ့ နစ်နာကြေး ပြန်ပေးပါတယ်။ လူထိပ်မိုး အေဂျင်စီကတော့ ညှိနှိုင်း နေဆဲပါ” ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

မြန်မာ ရွှေပြောင်းလုပ်သား ၆၀ ကျော်မှာ အလုပ်အကိုင် မရရှိဘဲ ထိုင်းနိုင်ငံ တွင်းရှိ မဟာချိုင် ဒေသ၊ ပထွမ်ဌာနီ စသည့် အရပ်များ၌ ၂ လကြာ အလုပ်အကိုင် မရှိပဲ နေထိုင် ခဲ့ကြပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် AAC ရွှေပြောင်း လုပ်သား ဆိုင်ရာ အကူညီပေးရေး မဟာမိတ်အဖွဲ့နှင့် ချိတ်ဆက် မိကာ မြန်မာနိုင်ငံ ဆိုင်ရာ အလုပ်သမားသံအရာရှိ များနှင့် ပူးပေါင်း၍ မြဝတီ ရွှေ့ပြောင်း လုပ်သား ယာယီ ခိုလှုံရေး စခန်းသို့ ပြန်လာ ခဲ့ကြသည်။

“အလုပ်ရဖို့ အလုပ်သမား တွေကတော့ မြန်မာပြည် ဘက် မှာ ၆ သိန်း ခွဲလောက် ကုန်ခဲ့တယ်။ အချို့ဆို ခြံပေါင် နွားပေါင်တွေ ပါတယ်၊ သူတို့ပစ္စည်းတွေ အပေါင်ဆုံး ကုန်ပြီ၊ ထိုင်းတစ်ရက် လုပ်အားခ ၃၀၀ နှုန်းနဲ့ ဆိုရင် လုပ်အားခ ဘတ်ငွေ ၉ ထောင်ကျော် မြန်မာ ငွေနဲ့ဆို ကာလ ပေါက်ဈေးက သုံးသိန်းခွဲ လေးသိန်းနီပါး ရှိပါတယ် ၊နစ်နာမှု တွေကို အားလုံး ပေါင်းပြီးတော့ အလုပ်သမား တွေကတော့ ၁၂ သိန်း တောင်းတယ်” ဟု AAC အလုပ်သမား အကူညီပေးရေး မဟာမိတ် အဖွဲ့ တာဝန်ရှိသူ ကိုရဲမင်းက ပြောသည်။

“ထိုင်းနိုင်ငံမှာ အလုပ် လုပ်ချင်လို့ လာခဲ့တာပါ၊ အကြွေးတွေနဲ့ ချေးလာ ရတာပါ။ နစ်နာကြေး အတွက်တော့ နှစ်ဆ ပြန်ရ ချင်ပါတယ်။ ပထမက မဟာချိုင်မှာ ထားပြီး နောက်တော့ ပထွမ်ဌာနီကို ရွှေ့ပါတယ်၊ နိုင်ငံကူး လက်မှတ်တွေ လုပ်သား စမတ်စ့်ကဒ်တွေ သူတို့ သိမ်းထားတော့ ဘယ်မှ မသွားရဲ မလာရဲ ပါဘူး။ ရည်မှန်းချက် ပျက်သွားတော့ ဝမ်းနည်း မိတယ်” ဟု အောင်လံမြို့မှ မဇင်မာက ပြောသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ လနှင့် နိုဝင်ဘာလ အတွင်း လုပ်သား ပို့ဆောင် သော ကုမ္ပဏီများ ၏ စီစဉ်ဆောင်ရွက်မှု အားနည်း ချက်များ၊ လုပ်သားများ လုပ်ငန်းခွင် အဆင်မပြေမှု များကြောင့် မြဝတီ (ကျောက်လုံးကြီး) ရွေပြောင်း လုပ်သား ယာယီ ခိုလှုံရေး စခန်းသို့ ပြန်လည်ဝင်ရောက်လာ၍ အလုပ်သမား ဆိုင်ရာ နစ်နာမှုများ ဖြေရှင်းပေး ခဲ့ရသည့် လုပ်သားပေါင်း ၄၀၀ ခန့် ရှိကြောင်း မြဝတီ အလုပ်သမား ဌာန တာဝန်ခံ ကိုသန်းထိုက် ထံမှ သိရှိ ရသည်။

ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံ ဘက်မှ MOU စနစ်အရ တရားဝင် လုပ်ငန်းခွင် ဝင်ရောက် နေသော ရွှေ့ပြောင်းလုပ်သား ၄ သိန်း ဝန်းကျင်ခန့် ရှိကြောင်း မြဝတီ ရွှေပြောင်း လုပ်သား စခန်း တာဝန်ရှိသူများ ထံမှ သိရှိရသည်။

Written by – ရာဟု (ဘားအံ)

Leave a Reply