Advertisements

မြဝတီ ၊ ဇူလိုင်

မြန်မာ – ထိုင်းနယ်စပ်၊ မြဝတီမြို့မှတစ်ဆင့် တင်သွင်းမည့် Delivery Van ယာဉ်များအပေါ် ဒဏ်ကြေးနှုန်းထား လျှော့ပေါ့မှု မရှိသဖြင့် တင်သွင်းရန် အခက်အခဲ ဖြစ်နေကြောင်း၊ ယခု သတ်မှတ်ထားသော ဒဏ်ကြေးနှင့်ဆိုလျှင် တရားဝင် တင်သွင်းနိုင်ခြင်း မရှိသောကြောင့် သင့်တင့် လျောက်ပတ်သည့်နှုန်းထား သတ်မှတ်ပေးရန် နယ်စပ်မှမော်တော်ယာဉ်တင်သွင်းသူများက ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

မြဝတီနယ်စပ်မှတစ်ဆင့် Delivery Van တရားဝင်တင်သွင်းမှုကို လွန်ခဲ့သော ငါးလကရပ်ဆိုင်းခဲ့ရာမှ ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ID ဖွင့်လှစ်ခြင်းနှင့် ယာဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး နောက် AV တန်ဘိုး၏ ၅၀ ရာခိုင်နှုန်း ဒဏ်ကြေးဆောင် တင်သွင်းနိုင်ခြင်းမရှိသည့်အတွက် သင့်တင့်သည့်ဈေးတစ်ခုဖြင့် အခွန်ဒဏ်ကြေးဆောင်နိုင်ရန်နယ်စပ်မော်တော်ယာဉ်တင်သွင်းသူများအသင်းမှ ဆန္ဒပြတောင်းဆိုရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ဆန္ဒပြမည့် အစီအစဉ်အသေး စိတ်လျာထားချက်ကို ဇူလိုင်လအတွင်း ထုတ်ပြန်ကြေညာပေးရန် ရှိနေသည်။

ကားလုပ်ငန်းရှင် ဦးဇော်ကြီးက “ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တင်သွင်းရမယ်ဆိုလို့ နယ်စပ်မှ တင်သွင်းခဲ့တာ အစီး ၆၀၀၀ ကျော်ပါပြီ။
ခုလက်ရှိ ၂၀၀၀ နီးပါးကျန်နေသေးတာ။ ဒါကို ပုံဖျက်သွင်းတယ်ဆိုပြီး ဒဏ်ရိုက်ဖို့လုပ်တာ။ ဒဏ်ရိုက်တော့လည်း မျှတတဲ့၊ သင့်တင့်တဲ့ နှုန်းဆိုရင် ဒဏ်ဆောင်ပြီးသွင်းကြမှာပါ။
ဒဏ်ကြေးသတ်မှတ်မှုအပေါ်  အကောက်ခွန်ဌာနက သဘောထားမှတ်ချက်ပြုခဲ့တဲ့ အတိုင်းဆိုရင် တင်သွင်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးကော်က သတ်မှတ်ခဲ့တဲ့ ဒဏ်ကြေးက ပြင်းလွန်းပါတယ်။ ဒဏ်ဆောင်ပြီး ကားတစ်စီးဟာပြင်ပပေါက်ဈေးထက်များစွာမြင့်တက်သွားတဲ့အတွက် တင်သွင်းနိုင်တော့မှာ မဟုတ်ဘူး “ဟု ဟင်္သာမီဒီယာသို့ ပြောသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အစည်းအဝေးဆုံး ဖြတ်ချက်အရမူလစက်ရုံထုတ် Delivery Vanအမျိုးအစား ဖြစ်သော်လည်း ကုန်သွယ်ရေး ဦးစီးဌာန၏သွင်းကုန်လိုင်စင်တွင် ဖော်ပြထားသည့် Delivery Van သတ်မှတ်ချက်နှင့် ကိုက်ညီအောင် ပြုပြင်ထားသည့် ယာဉ်များ၊ Light Commercial Vehicle အုပ်စုဝင် Cargo Van, Van,Light Van ယာဉ်များအား ပြုပြင်ထားသည့် ယာဉ်များ၊ လူစီးအုပ်စုဝင် Passenger Car ,VagonType ယာဉ်များအား ပြု ပြင်ထားသည့်ယာဉ်များဟူ၍ အုပ်စုလေးစု ခွဲ၍ စစ်ဆေးသည်။

Written by ဆုလာဘ်(မြဝတီ)

Leave a Reply