Advertisements

မြဝတီ၊ သြဂုတ်

မြန်မာ- ထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးစခန်းတွင် ကုန်စည်စီးဆင်းမှု များပြားလာသော်လည်း တရားမဝင်ကုန်သွယ်မှုမှာ မြင့်တက်နေကြောင်း မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကုန်သွယ်မှုစုစုပေါင်း ပို့ကုန်သွင်းကုန် ပမာဏပေါင်းဟာ ယခင်နှစ်ကာလတိုကနေပြီးတော့ ပိုမိုလာတာကို တွေ့ရတယ်။ ပို့ကုန်ပမာဏနှစ်ဆကျော်များပြားလာပေမယ့်လည်း ဒီသွင်းကုန်ပမာဏကျတော့ ယခင်နှစ်တွေထက် နည်းနေတာတွေ့ရတယ်။ ဘာဖြစ်လို့ဆိုတော့ တရားမဝင်ကုန်သွယ်မှု မြှင့်တက်နေလို့ပဲ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်မှု၌ မြဝတီနယ်စပ်ကုန်သွယ်မှုမှာ ယခင်က ဒုတိယကုန်သွယ်မှုအများဆုံးခဲ့ပြီး ယခုအချိန်တွင် တတိယကုန်သွယ်မှုအဆင့်သို့ ရောက်ရှိသွားခဲ့ရကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ စုံစမ်းသိရသည်။

“တရားဝင်သွင်းကုန်ပမဏကအရင်ကထက် လျော့ကျလာတယ်။ ထိုင်းနိုင်ငံဘက်ကိုမြန်မာနိုင်ငံက ပို့ကုန်ပမာဏက ပိုမိုများပြားလာတာ တွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်နိုင်ငံဘက်ကို မူဆယ်ဘက်ကနေပို့တဲ့ ပြောင်းဆန်တွေကို ထိုင်းနိုင်ငံကနေပြီးတစ်ဆင့်ပြန်ပို့နေတာဖြစ်တဲ့အတွက် ဖြစ်တယ်” ဟု  မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြဝတီကုန်သွယ်ရေး စခန်းမှ ဘဏ္ဍာနှစ်သစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ ၁၀ လကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ ၈၂၄ ဒသမ ဝ၂၈ သန်း ကုန်သွယ်နိုင်ခဲ့ပြီး မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြောင်းဆန်တင်ပို့မှုမှာ ပိုမိုများလာပြားခဲ့မှုကြောင့်လည်း ဖြစ်သည်။

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ ပြောင်းဆန် တင်ပို့မှု ပိုမိုများပြားလာမှုကြောင့် ပို့ကုန်ပမာဏမှာ ၁ဝ လကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၈၁၆ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး ကုန်သွယ်မှုမြင့်တက်လာခဲ့သော်လည်း ပြည်တွင်းစျေးကွက်သို့ ထိုင်းနိုင်ငံမှ ကုန်စည်စီးဆင်းမှုမှာ ယခင်နှစ်ထက် လျော့နည်း ကျဆင်းနေခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အပတ်စဉ်ရရှိ်သည့် ကုန်သွယ်မှုကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ဆုလတ်

Leave a Reply