ထိုင်းနယ်စပ်ရှိ ကုန်သွယ်ဂိတ်နှစ်ခုတွင် အပင်ပိုးမွှားရောဂါထိန်းချုပ်စခန်းများတည်ဆောက်မည်

ထားဝယ် ၊ ဖေဖော်ဝါရီ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်သည့် ထီးခီးနှင့် မောတောင်ဒေသတို့တွင် အပင်ပိုးမွှားရောဂါထိန်းချုပ်စခန်းတစ်ခုစီကို ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မကုန်မီတည်ဆောက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ပြီးနောက် လာမည့်ဘတ်ဂျက်နှစ်တွင် လိုအပ်သည့် အတွင်းပိုင်းပစ္စည်း ကိရိယာများနှင့် ဝန်ထမ်းများကို ထပ်ဖြည့်မည်ဖြစ်ကြောင်းယင်းဌာန၊ တိုင်းတာဝန်ခံ ဦးဝင်းအောင်က ပြောဆိုသည်။
“လာမဲ့ ဘတ်ဂျက်မှာ ကာလအတိုနဲ့အရှည်ရှိတယ်၊ ဘတ်ဂျက်အတိုသည် စင်တင်ဘာလမှာပြီးမယ်၊ စက်တင်ဘာလမှာပစ္စည်းအကုန်ဖြည့်ပြီး အောက်တိုဘာလမှာ စစ်ဆေးနိုင်ဖို့ လျာထားတယ်”ဟု ဦးဝင်းအောင်က ဆိုသည်။

ယင်းစခန်းနှစ်ခု တည်ဆောက်ရန်မှာ ထားဝယ်ခရိုင်၊ ထီးခီးစခန်းအတွက် ပြည်ထောင်စုဘဏ္ဍာမှ ခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း၊ မြိတ်ခရိုင်၊ မောတောင်စခန်းအတွက် တိုင်းဒေသကြီးဘဏ္ဍာ ခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း ကြမ်းခင်းဈေးကျပ်သန်း ၄၀ စီဖြင့် တင်ဒါခေါ်ယူထားကြောင်းသိရသည်။

တိုင်းဒေသကြီးအတွင်း ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ထီးခီး၊ မောတောင်၊ ကော့သောင်း ဒေသ ၃ခုအနက် ကော့သောင်းမြို့တွင် ပိုးမွှားထိန်းချုပ်ရေးစခန်းကို ယခင်အစိုးရလက်ထက်က တည်ဆောက်နိုင်ခဲ့ပြီး အဝင်အထွက် ကုန်ပစ္စည်းများကို စစ်ဆေး၍ ပိုးမွှားကင်းစင်ကြောင်းလက်မှတ်ထုတ်ပေးလျက်ရှိသည်ဟုယင်းဌာနထံမှ သိရသည်။

မြန်မာဘက်ခြမ်းမှသာ ထီးခီး၊ မောတောင်ရှိနယ်စပ်ကုန်သွယ်ရေးဂိတ်တွင်ပိုးမွှားထိန်းချုပ်ရေးစခန်းမရှိ၍ ထိုင်းမှဝင်လာသော ပစ္စည်းများကိုစစ်ဆေးနိုင်ခြင်းမရှိသော်လည်း ထိုင်းဘက်ခြမ်းကမူ မြန်မာမှတင်ပို့သည့်ပစ္စည်းများအပေါ် ပိုးမွှားစစ်ဆေးပြီးမှ တင်သွင်းခွင့်ပြုသည်ဟု ထားဝယ်မြို့ခံကုန်သည်အသိုင်းအဝိုင်းက ပြောသည်။

ယခုတည်ဆောက်မည့် ပိုးမွှားထိန်းချုပ်ရေးစခန်းများအနေဖြင့် ပို့ကုန် သစ်၊ ဝါး၊ သစ်သီးဝလံ၊ မျိုးစေ့ ၊ ရေလုပ်ငန်းထွက်ကုန် စသည်တို့ကို စစ်ဆေးနိုင်မည်ဖြစ်ပြီး ပိုးမွှားကင်းစင်ကြောင်းလက်မှတ်ထုတ်ပေးနိုင်မည်ဟု ဦးဝင်းအောင်ကပြောသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာဒေသများဖြစ်ကြသည့် ကချင်ပြည်နယ်ရှိ ကာပယ်တီး၊ ရှမ်းပြည်နယ်ရှိ မူဆယ်၊ ကရင်ပြည်နယ်ရှိ မြဝတီ၊ တနင်္သာရီတိုင်းရှိ ကော့သောင်း စသည်တို့တွင်အပင်ပိုးမွှားထိန်းချုပ်ရေးစစ်ဆေးရေးစခန်းများကို ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်