မြဝတီ၊ အောက်တိုဘာ ၁၁ ရက်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝ စစ်ဆေးရေးဂိတ်၌ ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ မြန်မာ အလုပ်သမားများကို လိမ်လည်ခေါ်ဆောင်ရန် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား တစ်ဦးအား အောက်တိုဘာ ၁၀ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် မြဝတီမြို့သို့ အောက်တိုဘာ ၁၀ ရက်တွင် ဝင်ရောက်၍ ဘားအံမြို့သို့ ဆက်လက် သွားရောက်ခဲ့ပြီး မြဝတီမြို့သို့ အပြန်တွင် ကော့ကရိတ်မြို့နယ်၊ လှိုင်ဝ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“သူက ဘားအံသွားတယ်ဆိုတာ သာမန်သွားတာမဟုတ်ပါဘူး။ သူက အလုပ်သမားတွေကို MOU နဲ့ ပို့ပေးမယ် ဆိုပြီးခေါ်လာတယ်။ ပြီးတော့ အလုပ်လည်းမပေးနိုင်ဘဲနဲ့ လိမ်လည်ခဲ့တာတွေလည်းရှိတယ်။ အဲဒီလိုအသံတွေ ကြားတာကနေ သတင်းအရ စစ်ဆေးရေးဂိတ်မှာစစ်ဆေးတော့ မိသွားတာပါ။ မြဝတီနဲ့ ဘားအံက အလိမ်ခံရ တဲ့ အလုပ်သမားတွေကလည်း သူ့ကိုဆက်လက်ပြီးတော့မှ အမှုဖွင့်ဖို့လည်းရှိပါတယ်။”ဟု မြဝတီမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဘားအံမြို့မှ မြဝတီသို့ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်နေ ယာဉ်မောင်း ဇော်မင်းနိုင်(၃၇)နှစ် မောင်းနှင်လာသော Odyssey အဖြူရောင်မော်တော်ယာဉ်အား အောက်တိုဘာ ၁ဝ ရက်၊ ညနေ(၆)နာရီက ကော့ကရိတ်မြို့နယ်၊ လှိုင်ဝစစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အသက်(၄၆)နှစ်အရွယ် ထိုင်းနိုင်ငံ သားကို တွေ့ရှိခဲ့ရပြီး ၎င်းသည် TBC No-3428 ဖြင့် မြဝတီမြို့၊ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ဝင်ရောက်ကာ ဘားအံမြို့သို့နယ်သို့သွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးကာ မြဝတီခရိုင် လ.ဝ.ကသို့ အောက်တိုဘာ ၁ဝ ရက်၊ ည(ရး၀၀)နာရီတွင် လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားအား မြဝတီမြို့နယ် လ.ဝ.က က စစ်ဆေးရာ ဗီဇာစည်းကမ်းချိုးဖောက်ကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၄(၂)ကို ကျူးလွန်သဖြင့် မြဝတီမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး မြဝတီမြို့မ ရဲစခန်းက (ပ)၁ဝ၄၈/၂ဝ၁၇၊ လ.ဝ.က အက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by – MMK

 

Leave a Reply