Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၃၀

ထိုင်းနိုင်ငံ နယ်စပ်မှ မွန်ပြည်နယ်အတွင်းသို့ တရားမဝင် မွေးမြူရေးဝက်များ သယ်ဆောင်သူ လေးဦးကို မော်လမြိုင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၉ ရက်တွင် ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်ဌေးက ပြောကြားသည်။

ထို တရားမဝင် ဝက်သယ်ဆောင်သူ လေးဦးကို တိရိစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေး ဥပဒေ ပုဒ်မ ၂၃(ခ) အရ ထောင်ဒဏ် တစ်စီ ချမှတ်ခဲ့သည့်အပြင် သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းယူဖို့ အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“သူတို့ အားလုံးကို မြို့နယ်တရားရုံးက ထောင်ဒဏ် တစ်စီ အမိန့်ချခဲ့တယ်၊ နောက်ပြီး ပစ္စည်းတွေကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ အမိန့်ချခဲ့တယ်”ဟု ၎င်းက ဆိုသည်။

တရားမဝင် ဝက်သယ်ဆောင်မှုကြောင့် ဦးဝင်းမောင် အပါအဝင် လေးကို ပြည်နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့က တရားရုံးကို ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုခဲ့သည့်အတွက် ဒီဇင်ဘာ ၂၉ ရက်တွင် မော်လမြိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားမဝင် ဝက် သယ်ဆောင်မှုကို ဒီဇင်ဘာ ၂၃ ရက်တွင် မော်လမြိုင်-ဘားအံ ကားလမ်းဘေး ဆောက်လုပ်ရေး ဧည့်ရိပ်သာရှေ့၌ ဝက်ကောင်ရေ ၇၀ ပါဝင်သည့် မော်တော်ယာဉ် တစ်စီးနှင့် ဒီဇင်ဘာ ၂၄ ရက်တွင် မိတ္ထီလာကို သယ်ဆောင်မည့် ယာဉ်နှစ်စီးကို မော်လမြိုင် သံလွင် တံတားထိပ်မှာ ဖမ်းဆီးရမိခဲ့သည်။

မွန်ပြည်နယ် မွေးမြူးရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးညိုမင်းက တရားမဝင် ဝက်များကြောင့် ပြည်နယ်အတွင်းရှိ ဝက်မွေးမြူးရေး လုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ဝက်ရောဂါမှာလည်း တစ်နှစ်လုံး ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် တရားမဝင်ဝက်များကြောင့် ပြည်နယ်အတွင်းရှိ ဝက်သားဈေးကွက်မှာလည်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်းများက ပြောသည်။

သတင်း – Shwe Yoe
ဓာတ်ပုံ – ခေတ်မင်း

Advertisements
<

Leave a Reply