မြဝတီ၊ အောက်တိုဘာ ၄ ရက်။

ထိုင်းနိုင်ငံအစိုးရက အလုပ်သမားဆိုင်ရာဥပဒေသစ် ပြဌာန်းလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေ သည့် မြန်မာလုပ်သားများသည် မြန်မာနိုင်ငံသို့ မြဝတီမြို့မှတဆင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဇွန် ၂၉ ရက်မှ အောက်တိုဘာ ၃ ရက်ထိ ကျား(၁၇၃၄၄)ဦးနှင့် မ(၁၃၇၃၆)ဦးတို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ယင်းဥပဒေသစ်ကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းပြဌာန်းလိုက်ပြီး ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသည့် အထောက် အထားမပြည့်မစုံသောရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးအရေးယူနေခြင်းကြောင့် ထိုသို့ ပြန်လာကြကြောင်း သိရသည်။

“အခုလက်ရှိကတော့ အလုပ်သမားတွေ ပြန်လာနေဆဲပါ။ မနေ့ကအထိဆို ရက်ပေါင်း(၉၈)ရက်ထိရှိသွားပြီပေါ့။ ကိုယ့်နိုင်ငံသားတွေလည်းဖြစ်တယ်၊ တစ်ဖက်နိုင်ငံမှာလည်း ဥပဒေတွေပြောင်းလဲနေတာပေါ့။ နိုင်ငံသားတွေက အထောက်အထား ပြန်လာလုပ်တဲ့သဘောပါ။ အရင်ကတော့ ဖမ်းဆီးမှုတွေရှိတာပေါ့။ အခုတော့ မရှိတော့ပါ ဘူး။ ဒါပေမဲ့လည်း ခုထိပြန်လာနေဆဲပါ၊ လက်ခံနေဆဲပါ။”ဟု မြဝတီမြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန္ဒာဝင်းက ပြောသည်။

အဆိုပါ ဥပဒေသစ်သည် ၂၀၁၇ ခုနှစ်၊ ဇွန် ၂၂ ရက်က စတင်အသက်ဝင်ပြီး ထိုင်းအလုပ်ရှင်နှင့် မြန်မာလုပ်သား များကို ပြစ်မှုပြစ်ဒဏ်များ တိုးမြှင့်ထားကြောင်းသိရသည်။

“ကျွန်တော်က စူလမြို့ကပါ၊ ငါးရုံမှာလုပ်ပါတယ်၊ (၂)နှစ်လုပ်ခဲ့ပါတယ်။ တစ်လကို ဘတ်(၈၀၀၀)ရပါတယ်။ သွားတာက ဘုရားသုံးဆူမြို့ဘက်ကနေသွားတာပါ။ အခုကတော့ ဒီကပြန်လာတာပါ။ ကိုယ့်နိုင်ငံမှာကလည်း အလုပ်က ရှားပါး၊ ရှိတော့လည်း ရတဲ့လုပ်ခလစာက မလောက်ဆိုတော့ သွားကြရတာပဲလေ။ ကျွန်တော်ကတော့ ပြန်မသွားတော့ပါဘူး။”ဟု ဘုရားသုံးဆူမြို့မှ သူရကျော်က ပြောသည်။

မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လာတွင် ဇွန် ၂၉ ရက်နှင့် ၃၀ ရက်များတွင် မြဝတီမြို့ (၉၉၉)ဂိတ်မှသာ ဝင်ရောက်ခဲ့သော်လည်း ဇူလိုင် ၁ ရက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများ၏အလွှဲအပြောင်းဖြင့် ချစ်ကြည်ရေးတံတားမှ တရားဝင်လွှဲပြောင်းမှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

နေရပ်ပြန်ရန်အခက်အခဲရှိသူလုပ်သားများအား တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(မြဝတီ)မှတာဝန်ရှိသူများ ပူးပေါင်းပြီး မော်တော်ယာဉ်များဖြင့် နေအိမ်အရောက် ပြန်လည်ပို့ဆောင်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် တည်းခိုလိုသူများအား နေထိုင်၊ စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply