မော်လမြိုင်၊ မတ် ။ ။ ထိုင်းနိုင်ငံတွင် သိုလှောင်ထားသော ရော်ဘာများကို ဈေးကွက်အတွင်း လေလံတင်ရောင်းချလိုက်သဖြင့် ပြည်တွင်း ရော်ဘာဈေးနှုန်း ကျဆင်းခဲ့ကြောင်း ရေးမြို့မှ ရော်ဘာအရောင်းအဝယ်လုပ်ကိုင်သူ ဦးဆန်းမောင်က သုံးသပ် ပြောဆိုသည်။

မတ် ၆ ရက်က ရော်ဘာဈေးနှုန်း တစ်ပေါင်လျှင် ၁၂၁ဝ ဝန်းကျင်ရှိရာမှ မတ် ၇ ရက်တွင်မူ တစ်ပေါင်လျှင် ၁၁၈ဝ ကျပ်ဝန်းကျင်အထိ ကျဆင်းလျက်ရှိကြောင်း ပြည်တွင်း ရော်ဘာအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရသည်။

“ထိုင်းက လေးလံဆွဲပြီး ဈေးကွက်မှာ ရောင်းချလို့ ဈေးကျတယ် ပြောတယ်။ သာမန်အနေအထားတော့ ဈေးကျမယ်လို့ သိပ်မတွေ့ရဘူး၊ လေးလံဆွဲတဲ့အပေါ်မှာတော့ ဘယ်လိုလာလဲမသိဘူး၊ ဒီတစ်ရက်နှစ်ရက်တော့ စောင့်ကြည့်ရဦးမယ်”ဟု ရော်ဘာအရောင်းအဝယ်လုပ်ကိုင်သူ ဦးဆန်းမောင်က ဆိုသည်။

လက်ရှိ ပြည်တွင်းရော်ဘာဈေးနှုန်း ကျဆင်းခြင်းနှင့် ပတ်သက်၍ အများပြည်၏ ပြောကြားချက်အရ ထိုင်းနိုင်ငံမှ ရော်ဘာများကို ကမ္ဘာ့ဈေးကွက်အတွင်း ရောင်းချသဖြင့် ပြည်တွင်းဈေးနှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးမောင်ဟင်းက ပြောသည်။

“အဲလိုတော့ ပြောနေကြတယ်။ ကျွန်တော်တို့က အဲဒီလောက်ထိ လက်လှမ်းမမီဘူး။ ဒါက ကမ္ဘာ့ဈေးကွက်မမီလို့ ဈေးအတက်အကျရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းတွင် ရော်ဘာအမျိုးအစား RSS 3 အဆင့်သာ ထုတ်လုပ်နိုင်ပြီး RSS 1 နှင့် RSS 2 အမျိုးအစားများကို ရေးမြို့နယ် ရော်ဘာခြံပိုင်ရှင်အများစုက အရည်အသွေးမြင့် ထုတ်လုပ်ချင်သော်လည်း ဝယ်ယူသူနှင့် ဈေးကွက်မရှိသောကြောင့် ခြံပိုင်ရှင်များက မထုတ်လုပ်ကြောင်း ရော်ဘာခြံပိုင်ရှင်များထံမှ သိရသည်။

“ဝယ်တဲ့သူကလည်း သူတို့လိုအပ်တဲ့ အရေအတွက်လောက် ကိုယ့်ဒေသမှာ အများကြီးမထုတ်ပေးနိုင်ရင်တော့ သူတို့မဝယ်ပြန်ဘူး။ ထုတ်ပြန်တော့လည်း မိုင်းကျပ်ရော်ဘာနဲ့ ဈေးနှုန်းကွာပေးနိုင်မလား၊ အရည်အသွေးမြင့်အောင်လုပ်ပြီး မိုင်းကျပ်ဈေးနှုန်းလောက်ပဲ ဝယ်ပေးရင် ဘယ်သူက လုပ်မလဲ” ဟု ရော်ဘာခြံပိုင်ရှင် ဦးဆန်းမောင်က ဆိုသည်။

ရေးမြို့နယ်မှ ထွက်ရှိသော ရော်ဘာများကို မန္တလေး၊ မူဆယ်၊ ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အများစုမှာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ရော်ဘာအဝယ်ဒိုင်ထံမှ သိရသည်။

Written by – ရောင်နီဝင်း

Leave a Reply