ရန်ကုန်၊ ဇူလိုင် ၂၈ ။ ။ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော စစ်ဘေးရှောင် ဒုက္ခသည်များကို ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို စတင်ဖွဲ့စည်း လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှသိရသည်။

logo-copy

အဆိုပါ ကော်မတီကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၆ ဦးပါဝင်မည်ဖြစ်ကာ ကော်မတီအတည်ဖြစ်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ တင်ပြထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောကြားသည်။

မူလက နေရပ်သို့ ပြန်လိုသည့် တိုင်းရင်းသား ၁၉၆ ဦးကို ပြန်လည်ခေါ်ယူရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ထိုင်းနိုင်ငံသို့ စေလွှတ်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းနိုင်ငံအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များအကြား သဘောတူညီမှုရရှိထားသည်။

သို့သော်လည်း ဒုက္ခသည်များ လွှဲပြောင်းရေးအတွက် နှစ်နိုင်ငံ အကြားတွင် ကော်မတီ များဖွဲ့စည်းကာ ပူးတွဲ ဆောင်ရွက်လိုကြောင်း ထိုင်းနိုင်ငံ အစိုးရက ဇူလိုင်လ ၂၂ ရက်နေ့တွင် အကြောင်းကြား လာခြင်းဖြစ်သော ကြောင့် မြန်မာအစိုးရက လည်း ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဦးစိန်ဦးကရှင်းပြသည်။
“အဲဒီကော်မတီက ထိုင်းနိုင်ငံဘက်ကဖွဲ့တဲ့ ကော်မတီနဲ့ နာမည်တူရမယ်။ ထိုင်းရောက်မြန်မာတွေကို ပြန်လည်ခေါ်ယူရေး ဖြစ်တယ်။ အခု သမ္မတရုံးက အတည်ပြုပေးဖို့ကို စောင့်နေတယ်” ဟု၎င်းကဆိုသည်။

အဆိုပါ ပြန်လည်ခေါ်ယူမည့် မြန်မာစစ်ဘေးဒုက္ခသည်များအနက် အများစုမှာ ကရင်တိုင်းရင်းသားများဖြစ်ပြီး ပထမအဆင့် အနေဖြင့် ၎င်းတို့ကို နိုင်ငံသား ဟုတ်မဟုတ် နှင့် ၎င်းတို့၏ မူလ နေရပ်ကို အဓိက စိစစ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှသိရသည်။

ထိုင်းနိုင်ငံဘက်အခြမ်းသို့ ရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များအနက် တပ်မတော် နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသော ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်သည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များကို ထိုင်းနိုင်ငံ အစိုးရအဆက်ဆက်တွင် လက်ခံခဲ့သော်လည်း လက်ရှိ ထိုင်းနိုင်ငံဝန်ကြီး ပရာယွတ်ချန်အိုချာ လက်ထက်တွင် ဒုက္ခသည်များကို မိခင် နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကို အလေးထား လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင်လည်း နှစ်ဘက်တွေ့ဆုံမှုများတွင် ထိုင်းအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကစစ်ဘေးရှောင် ဒုက္ခသည်များကို မူလ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေးအတွက် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည် တစ်သိန်းကျော်အတွက် ဒုက္ခသည်စခန်းပေါင်း ကိုးခုဖွင့်လှစ်ထားရကာ တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၁ ဒဿမ ၅ ဘီလီယံ သုံးစွဲနေရကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုထားသည်။

Leave a Reply