Advertisements

မဲဆောက်၊ အောက်တိုဘာ ၁၀ ရက်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တာ့(ခ်)ခရိုင်အထူးစီးပွားဖွံ့ဖြိုးရေးဇုန်ရုံးတွင် အောက်တိုဘာ ၁၀ ရက်မှ ၁၅ ရက်အ ထိ ကျင်းပနေသည့် ပထမအကြိမ် ထိုင်းဘုရင်ဖလား နိုင်ငံတကာအလေးမပြိုင်ပွဲကို မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရသည်။

“အဓိကတော့ အတွေ့အကြုံရအောင်ပါ၊ စိတ်ဓာတ်တွေမြှင့်တင်မယ်ပေါ့။ အခုခေါ်လာတာကတော့ ပြိုင်ဖို့ရာက မျိုးဆက်သစ်ကလေးတွေပေါ့၊ ဂျူနီယာလေးတွေပေါ့။ မျိုးဆက်သစ်တွေထဲမှာမှ သူတို့ထက်နည်းနည်း စံချိန် ကောင်းတဲ့ကလေးတွေလည်းရှိပါတယ်။ သူတို့ကတော့ တခြား ဒီထက်ပိုအရေးကြီးတဲ့ ပြိုင်ပွဲတွေသွားတာတို့ ရှိ တယ်လေ။

အဲ့ဒါကြောင့် ဒီမှာကလေးတွေကို နိုင်ငံတကာအတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ စိတ်ဓာတ် မြှင့်တင်မှု တွေရရှိဖို့ပဲ အဓိကထားတာပါ။”ဟု မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ အလေးမနည်းပြ ဒေါ်ကေသီဝင်းက ပြောသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာအပါအဝင် မလေးရှား၊ မွန်ဂိုလီးယား၊ လာအိုနှင့် အင်ဒိုနီးရှား(၅)နိုင်ငံတို့မှ ကလပ်အ သင်း (၃၂)သင်း၊ ကျား(၁၂၅)ဦးနှင့် မ(၈၉)ဦး၊ စုစုပေါင်း(၂၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရာတွင် ထိုင်းနိုင်ငံ၏ဖိတ်ခေါ်မှုကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ချစ်နှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကာ အဖွဲ့ချုပ်မှ အမှုဆောင် ဦးမျိုးမင်းကလည်း ဒိုင်အဖြစ်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလို ဒီထိုင်းနိုင်ငံမှာလာပြိုင်ရတော့ အတွေ့အကြုံအများကြီးရမှာ သေချာပါတယ်။ တစ်ခြားနိုင်ငံတွေလည်းပါ တယ်လေ။ မတူညီမှုတွေကိုလည်း လေ့လာခွင့်ရပါတယ်။ အကောင်းဆုံးတော့ ယှဉ်ပြိုင်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် ဝမ်းသာရပါတယ်။ အခုလို လာရောက်ပြိုင်ခွင့်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။”ဟု (၅၈)ကီလိုတန်းတွင်ဝင် ပြိုင်မည့် မနော်စောမူဖောဝါးက ပြောသည်။

ပြိုင်ပွဲတွင် မြန်မာက အမျိုးသား(၅၆)ကီလိုတန်းနှင့် (၆၉)ကီလိုတန်း၊ အမျိုးသမီး(၅၈)ကီလိုတန်းနှင့် (၆၃)ကီလို တန်းများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်(၄)ဦးမှာ ရန်ကုန် နှင့် မန္တလေးအားကစားနှင့် ကာယပညာ သိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply