ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းတွင် အဓမ္မအလုပ်ခိုင်းစေမှုများ၊ လူကုန်ကူးမှုများနှင့် အခြားသော အခွင့်အရေးချိုးဖောက်မှုများစွာသည် ကျယ်ပြန့်စွာတည်ရှိနေဆဲဖြစ်ကြောင်း မကြာသေးခင်က ထုတ်ပြန်လိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်းကလည်း ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းတွင် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံကဲ့သို့သော နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား အဓမ္မလုပ်အားခိုင်းစေခြင်း၊ သင်္ဘောပေါ်တွင် ချုပ်နှောင်ထားခြင်းများ စသော အခွင့်အရေးချိုးဖောက်မှုများကို သတင်းမီဒီယာများတွင် အသေးစိတ်ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်က အစီရင်ခံစာများ၊ သတင်းများတွင် အကျဉ်းချခြင်းကဲ့သို့သော အခြေအနေများကို ဖော်ပြထားသည်။ အသစ်ထုတ်ပြန်လိုက်သော အစီရင်ခံစာထဲတွင်တော့ လုပ်ခလစာလျှော့ပေးခြင်း၊ တစ်ခါတစ်ရံတွင် လုပ်ခလစာ မပေးခြင်း၊ အကြွေးဖြင့် ထိန်းချုပ်ထားခြင်းများ ပြုလုပ်ခဲ့သည်ဟု အသေးစိတ် ဖော်ပြထားသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများမှ စုံစမ်းစစ်ဆေးနေမှုများ၊ အစိုးရက ယင်းအခြေအနေများကို နှိမ်နင်းမည်ဟု ပြောဆိုထားသော်လည်း ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းတွင် မတရားပြုကျင့်မှုများ၊ အခွင့်အရေး ချိုးဖောက်မှုများရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

စာမျက်နှာပေါင်း ၁၃၄ မျက်နှာပါရှိသော ‘Hidden Chains: Forced Labor and Rights Abuses in Thailand’s Fishing Industry’ ဟူသော အစီရင်ခံစာထဲတွင် လက်ရှိတွင် ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသော၊ ယခင်က လုပ်ကိုင်ခဲ့သော ငါးဖမ်းအလုပ်သမားပေါင်း ၂၄၈ ယောက်ကို မေးမြန်း စုစည်း ဖော်ပြထားခြင်းဖြစ်သည်။

‘ကျွန်တော်ရောက်တော့ ဘာဖြစ်မှာလဲဆိုတာ မသိခဲ့ဘူး။ ကျွန်တော့်ကို အခန်းထဲ ထည့်လှောင်ထားတယ်။ လှေစိုက်တဲ့အခါမှ ကျွန်တော်က လှေပေါ်မှာ အလုပ်လုပ်ရမယ်ဆိုတာကို သဘောပေါက်သွားတာ။ ကျွန်တော် လေးရက်နေ့မှာ ပန်းရောင်ကတ်သွားလုပ်တယ်။ ငါးရက်နေ့ကျတော့ လှေပေါ် ပြန်ရောက်နေပြီ’ ဟု လူကုန်ကူးခံခဲ့ရပြီး အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခံခဲ့ရသူ မြန်မာနိုင်ငံမှ ဘန်ရင်က ၂၀၁၆ ခုနှစ် မတ်လက ပြောခဲ့သည်။

HRW သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ ငါးဖမ်းဆိပ်ကမ်းတော်တော်များများသို့ သွားရောက်ကာ အင်တာဗျူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အစိုးရအနေဖြင့် လှေပေါ်ရှိအလုပ်သမားများကို စာရင်းသွင်းခြင်း၊ ပင်လယ်ပြင်တွင် ရက်သုံးဆယ်ထက် ပိုမလုပ်စေခြင်းကဲ့သို့သော လုပ်ဆောင်မှုများ ပြုလုပ်နေခြင်းကို သုတေသနစာတမ်းက အသိအမှတ်ပြုထားသော်လည်း ထိုင်းအစိုးရသည် ငါးဖမ်းစက်လှေပိုင်ရှင်များနှင့် ကပ္ပတိန်များ၏ စကားကို အမှန်ယူလွန်းနေပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ စကားကို နားထောင်ခြင်းမပြုဟု ဝေဖန်ထောက်ပြထားသည်။

၂၀၁၅ ခုနှစ်အတွင်းက ထိုင်းအစိုးရ၏ အစီရင်ခံစာတွင် ငါးဖမ်းလုပ်သား ၄၇၄၂၂၄ ဦးတွင် တစ်ဦးမျှပင် အဓမ္မ အလုပ်ခိုင်းစေခြင်း မခံရဟု ဆိုခဲ့ခြင်းကို HRW က ထောက်ပြသည်။ ထိုနှစ်တွင်ပင် AP သတင်းဌာနက သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ရာ ထိုအထဲတွင် ငါးဖမ်းလုပ်သားများမှာ ဝေးလံခေါင်သီသော အင်ဒိုနီးရှားပိုင် ကျွန်းများပေါ်တွင် လှောင်အိမ်များဖြင့် ဖမ်းဆီးခံထားရကာ ငါးဖမ်းလှေများတွင် အလုပ်လုပ်နေရကြောင်း၊ ၎င်းတို့အများစုမှာ မြန်မာနိုင်ငံက ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Source: NPR

Leave a Reply