ထိုင်းဘက်မှ ရွှေ့ပြောင်းလုပ်သား ၅၀၀၀ကျော် တစ်လအတွင်း ပြန်လည်ဝင်ရောက်

မြဝတီ၊ စက်တင်ဘာ ၁

ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁) မှတဆင့် မြဝတီမြို့ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ သြဂုတ်လဆန်းမှ ၃၀ ရက်နေ့အထိ ဌာနေပြန် ရွှေ့ပြောင်းလုပ်သား ၅၀၀၀ ကျော် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း အမျိုးသား ၃၈၄၅ ဦး၊ အမျိုးသမီး ၁၃၃၈ ဦး၊ ပေါင်း ၅၁၈၃ ဦး ပြန်လည်ဝင်ရောက်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန နေ့စဉ် ထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ (၁)ရပ်ကွက်ရှိ သွပ်ပြားပေါက်မှတဆင့်လည်း ယင်းကာလတွင်  မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၀ ခန့် ပြန်လည်ဝင်ရောက်ခဲ့သည်။ အမျိုးသားဦးရေ ၁၁၆ ဦး၊ အမျိုးသမီး ၆၃ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် ပြဆိုခဲ့သည်။

ထိုင်းနိုင်ငံ၏ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိခြင်းဖြစ်သည်။

ယင်း ဌာနေပြန် လုပ်သားများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း၊ အစွန်းရောက် အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ရှာဖွေလျက် ရှိသည်။

အဆိုပါပူးပေါင်းစိစစ်ရေးအဖွဲ့တွင် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်းထားသည်။

ပြန်လည်ဝင်ရောက်လာသူများကို စားစရာ၊ ရေနှင့်လိုအပ်သည့် ကူညီထောက်ပံ့မှုများ နေ့စဉ်နှင့်အမျှ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း အဆိုပါထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

ထိုင်းအစိုးရ၏ တရားမဝင် နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးရေးစီမံချက်မှာ ပြီးခဲ့သည့် ဇူလိုင် ၁ရက်နေ့  ကစတင် ခဲ့ခြင်းဖြစ်ပြီး ထိုင်း နိုင်ငံရောက်  မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအနက်  အထောက်ထားမဲ့ ၊ တရားမဝင် နှင့် အထောက်အထား မစုံလင်သူများကို  စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့က ကြေညာထားခဲ့သည်။

ယမန်နှစ် ၂၀၁၇ အတွင်းက နိုင်ငံတကာစစ်တမ်းများတွင် ဖော်ပြထားချက်အရ အာဆီယံဒေသမှာ ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းသွားလာမှုအများဆုံးဒေသဖြစ်သည်။ မြန်မာ၊ ကမ္ဗောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှားတို့မှာ စီးပွားရေးအရ အလုပ်အကိုင်ရရှိရန် သွားရောက်သည့် ရွှေ့ပြောင်းလုပ်သား အများဆုံး ထွက်ရှိရာနိုင်ငံများဖြစ်ပြီး လက်ခံသည့်နိုင်ငံများမှာ ထိုင်း၊ စင်္ကာပူနှင့် မလေးရှားတို့ဖြစ်ကြောင်း စစ်တမ်းများက ပြဆိုသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.