ထိုင်းဘတ်ငွေ လက်ဝယ်တွေ့ရှိပြီး အရေးယူထားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်ထောက်ပြ

မော်လမြိုင် ဖေဖော်ဝါရီ

မုဒုံမြို့နယ်တွင် ထိုင်း ငွေ ဘတ် ၁၇၁၀ လက်ဝယ်တွေ့ရှိခဲ့၍ ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားခြင်းအပေါ် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းတို့က ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရဘုရားသွားလမ်းဘေး၌ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းအချိန်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးသတင်းအရ မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်ဆန်း ဦးစီးအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ၎င်းတို့ နှစ်ဦးထံမှ ထိုင်းဘတ်ငွေ ၁၇၁၀ လက်ဝယ်တွေ့ရှိမှုဖြင့် မုဒုံမြို့မရဲစခန်းမှ (ပ) ၃၅၄/၂၀၁၉၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ – ၄၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

“၂၀၁၅ မှာ ပြန်ပြင်လိုက်တဲ့ နိုင်ငံခြားငွေ ဥပဒေအရ ဆိုရင် နိုင်ငံခြားငွေကို လက်ဝယ်ထားမှာတို့၊ ဒါမှမဟုတ် ပြည်တွင်းကို ပြည်ပကနေတင်သွင်းတာတို့ဆိုရင် သတ်မှတ်ချက်နဲ့ အညီ တင်ပြပြီးတော့ သိမ်းဆည်းခွင့် ရှိတယ်ပေါ့။ ကျွန်တော်တို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေလည်းများတယ်။ နောက်တစ်ခု ကျွန်တော်တို့ သိထားတာက ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာအနေနဲ့ဆိုရင် လူတစ်ဦးကို ဒေါ်လာတစ်သောင်း လက်ဝယ်ထားခွင့်ရှိတယ်ဆိုတဲ့ ဖြေလျှော့မှုမျိုးပေးထားတယ်ဆိုတော့ အခု ဖမ်းမိတယ်ဆိုတဲ့ ထိုင်းဘတ်ငွေတန်ဖိုးနဲ့ဆိုရင် ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပဲ။ ဒီကိစ္စက ဘယ်လိုမှ အမှုမဖွင့်သင့်တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ယူဆပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဥပဒေကြောင်းအရနှင့် ဆင်ခြင်တုံတရားအရ နေရာဒေသကို ကြည့်ပြီး မလုပ်သင့်ကြောင်းနှင့် တာဝန်ရှိသော မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ဥပဒေအကြံပေးသည့် မွန်ပြည်နယ် ဥပဒေချုပ်တို့ကိုလည်း တိုင်ပင်ညှိနှိုင်းထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်သူ နှစ်ဦးကို အာမခံပေးထားတယ်။ နောက် ဥပဒေအရာရှိရဲ့ အကြံပြုချက်ရယူပြီးတော့ ဖြေလျှော့မှုမျိုးတွေ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ပြောလာပါတယ်”ဟု ၎င်းက ပြောသည်။

ထိုင်းဘတ်ငွေ ၁၇၁၀ လက်ဝယ်တွေ့ရှိပြီး အမှုဖွင့်အရေးယူထားမှုဖြစ်စဉ်သည် မြေနိမ့်ရာ လှံစိုက်သော သဘောနှင့် ဥပဒေကြောင်းအရ နှိပ်ကွပ်သည့် ပုံစံမျိုးဖြစ်နေကြောင်း ၎င်းက ပြောသည်။

“Tourism လုပ်ငန်းကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီဟာမျိုးတွေကို မလုပ်သင့်ဘူး”ဟု ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ထောက်ပြပြောဆိုသည်။

“ အခုလို ထိုင်းဘတ်ငွေ ပမာဏ နည်းနည်းလေးကို ဖမ်းလိုက်တာ မလုပ်သင့်ဘူးလို့ထင်ပါတယ်”ဟု ထပ်လောင်း ပြောဆိုသည်။

ဖမ်းဆီးသိမ်းဆည်းခဲ့သည့် ထိုင်းဘတ်ငွေ ၁၇၁၀ တွင် ၅၀၀ တန် တစ်ရွက်၊ ၁၀၀ တန် ခြောက်ရွက်၊ ၅၀ တန် တစ်ရွက်နှင့် ၂၀ တန် ၂၈ ရွက်တို့ပါဝင်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တေဇ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.