ဘန်ကောက် မေ ၂၀
ထိုင်းဘုရင့် မိဖုရားအသစ် မွေးနေ့ ဇွန်လ ၃ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း မေလ ၁၈ရက်နေ့က အတည်ပြုခဲ့သည်။
ယခုနှစ် ဇွန်လ ၃ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ပြည်သူ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း၏ ခွင့်ပြုချက်ဖြင့် မိဖုရား စုသီတာ၏ ပုံ ၂၀ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း ထိုင်းအစိုးရ၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြေညာခဲ့သည်။
တော်ဝင်မိသားစု၏ ဂုဏ်ရှိသောလှုပ်ရှားမှု ဓာတ်ပုံများကို အသုံးပြုရန် အစိုးရ ကိုယ်စားလှယ်လုပ်ငန်းများက ကြိုဆိုနေကြကြောင်း အဆိုပါ ဌာနက ဆိုသည်။
မိဖုရား Suthida၏ ဓာတ်ပုံများသည် လေယာဉ်မှူး၊ ကြည်းတပ်နှင့် တော်ဝင်အစောင့် ဝတ်စုံများဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်ကြောင်း သိရသည်။
အသက် ၆၆နှစ်အရွယ် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းမှာ ၂၀၁၆ခုနှစ်တွင် ခမည်းတော် ဘုရင်ကြီး ဘူမိဘော ကွယ်လွန်သွားခဲ့ပြီးနောက်တွင် အရိုက်အရာ ဆက်ခံခဲ့ရခြင်းဖြစ်သည်။ ယခင်က အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး သားသမီး ၇ဦးထွန်းကားခဲ့သည်။
ယခင်အိမ်ထောင်များရှိခဲ့သော်လည်း ယခုလက်ရှိ မိဖုရား စုသီတာကိုသာ မိဖုရားအရာတင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
စုသီတာသည် ၂၀၁၄ခုနှစ်က ဘုရင့်ကိုယ်ရံတော်တပ်၏ လက်ထောက်အကြီးအကဲအဖြစ် တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ဒီဇင်ဘာတွင် ထိုင်းစစ်တပ်၏ တင်းပြည့် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခဲ့သည်။
ထို့နောက် ထိုင်းဘုရင် ဘူမိဘောနတ်ရွာစံအပြီး ဘုရင်အသစ်တက်လာချိန်တွင် မိဖုရားအဖြစ် တရားဝင် တင်မြှောက်ခြင်း ခံခဲ့ရသည်။
Ref: Bangkok Post