မော်လမြိုင်၊ မတ် ၅ ။ ။မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံမှ မွေးမြူရေးကြက်အရှင်များ မွန်ပြည်နယ်စျေးကွက် အတွင်းသို့ တရားမဝင် တင်သွင်းမှုများ ရှိနေကြောင်း မော်လမြိုင်မြို့ရှိ ကြက်ရောင်းဝယ်ရေးဒိုင်များနှင့် ကြက်မွေးမြူရေးလုပ်ငန်းရှင် များထံမှ သိရသည်။

chicken

မွန်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံမှ ကြက်၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ အေးခဲကြက်သား များကို ပြည်တွင်း စျေးကွက်အခြေအနေအရ တစ်လလျှင် သုံးကြိမ်မှ ငါးကြိမ် အထိ တရားမဝင် တင်သွင်းလျက်ရှိကြောင်း မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းစိန်သောင်းက ပြောကြားသည်။

စက်တင်ဘာလနောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံးရှိ Mobile Team (တရားမဝင်ကုန်သွယ်စီးဆင်းမှု တား ဆီးနှိမ်နင်းရေးအဖွဲ့)ကို ဖျက်သိမ်းလိုက်သဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ မှ ယခုအချိန်ထိ မွေးမြူရေးကြက်များ တရားမဝင်တင်သွင်းမှုကို မဖမ်းဆီးနိုင်တော့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသော ကြက်အရှင်များ၏ စျေးနှုန်းသည် မော်လမြိုင်ဒေသခံ ခြံများထွက်သော မွေးမြူရေးကြက်များထက်စျေးသက်သာလေ့ရှိသောကြောင့် ကြက်ဒိုင်များမှ တရားမဝင်မှာယူတင် သွင်းကြခြင်းဖြစ်ပြီး ယင်းကြောင့် ဒေသခံကြက်ခြံလုပ်ငန်းရှင်များက နစ်နာကြောင်း မော်လမြိုင်မြို့ဒေသခံ ကြက်မွေးမြူရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“သူတို့က အခွန်မဆောင်ရဘဲတင်သွင်းတော့ စျေးနှုန်းက ကျွန်တော်တို့ ဒီကစျေးနှုန်းထက် နည်းတယ်။ အဲတော့ ဒိုင်တွေကသူတို့ဆီက အယူများတယ်”ဟု မော်လမြိုင်မြို့ ခြောက်မိုင်ကျေးရွာရှိ ကြက်မွေးမြူရေး လုပ်ကိုင်သူ ဦးအောင်ဝင်းထွန်း ကဆိုသည်။

ထို့ပြင် ဒေသခံကြက်ခြံများလုပ်ငန်းသည် တရားဝင်တင်သွင်းထားသော အစာနှင့် ဆေးဝါးများကို အသုံးပြုရပြီး ယင်းဆေးများမှာ စျေးကြီးသောကြောင့် တရားမဝင်ထိုင်းမွေးမြူရေးကြက်များထက် စျေးပိုများနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

မော်လမြိုင်မြို့ရှိ မွေးမြူရေးခြံများမှ ကြက်များသည် တစ်ကောင်လျှင် ၃၈၀၀ ကျပ်နှုန်း ရှိပြီး ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းသည့် မွေးမြူရေးကြက်များမှာ တစ်ကောင်လျှင် ၃၂၀၀ ကျပ်နှုန်းသာရှိ၍ တစ်ကောင်လျှင် ၆၀၀ ကျပ်နှုန်း ကွာခြားကြောင်း မော်လမြိုင်မြို့သံလွင်စျေးရှိ ကြက်ရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။

ထိုသို့့တရားမဝင် တင်သွင်းမှုများကို ထိထိရောက်ရောက်အရေးမယူပါက ဒေသခံကြက် မွေးမြူရေးလုပ်ငန်း ရှင်များ ရေရှည်တွင် လုပ်ကိုင်ရန် ခက်ခဲလာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း တရားမဝင်ကြက်တင်သွင်းမှုုများကို Mobile Team အဖွဲ့ရှိစဉ်က ငါးကြိမ် ခန့်ဖမ်းဆီးဖျက်ဆီးခဲ့ပြီး ထိုသို့လုပ်ဆောင်နိုင်ရန် လက်ရှိ မွန်ပြည်နယ်အစိုးရက သက်ဆိုင်ရာ ကြက်ဒိုင်၊ ဘဲဒိုင်များကို ကြိုတင်လက်မှတ်ထိုး၍ အသိပေးခဲ့ကြောင်း ဒေါက်တာမင်းစိန်သောင်းကပြောကြားသည်။

လာမည့်အစိုးရသစ်လက်ထက်တွင် စားသုံးသူများ ကျန်းမာပြီး ရောဂါကင်းရှင်းစေရန် FDA လက်မှတ်နှင့် မွေးမြူရေးစားသောက်ကုန်များကို ဓာတ်ခွဲစစ်ဆေး၍ ကုန်သွယ်ခွန်ဆောင်ပြီးမှသာလျှင် တစ်ဖက်နိုင်ငံမှ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Leave a Reply