Advertisements

မော်လမြိုင်၊ ဇူလိုင်

ထိုင်းနိုင်ငံမှ မွန်ပြည်နယ်သို့ တင်ပို့လျက်ရှိသော အသင့်စား စားသောက်ကုန်ပစ္စည်းများ ရောင်းအားကောင်း၍ ပစ္စည်း ပျက်လပ်မှု ရှိနေကြောင်း မော်လမြိုင် စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ယိုးဒယားမှ တင်ပို့သော ငါးသေတ္တာ၊ ခေါက်ဆွဲထုပ်၊ ကြာဇံထုပ်နှင့် ဆီဗူးများ အများဆုံးဝယ်ယူနေသောကြောင့် ပစ္စည်း ပျက်လပ်မှုရှိနေကြောင်း သီရီမင်္ဂလာရပ်ကွက်၊ ဇဋိလ ယိုးဒယားပစ္စည်းအရောင်းဆိုင်မှ မဝေဇင်ဦးက ပြောကြားသည်။

“ပစ္စည်းကတော့ ရောက်သလောက်ကုန်တာပဲ၊ တော်တော်ဝယ်ကြတယ်၊ လူတွေက ရေထပ်ကြီးမှာလည်း ကြောက်တော့ ကြိုပြီး ဝယ်ကြတာ၊ လှူဖို့ဆိုပြီး တစ်ဖာလိုက် ဝယ်တာတွေလည်း အများကြီးပဲ”ဟု ၎င်းက ပြောသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပစ္စည်းသယ်ယူရာတွင် လမ်းခရီးအခက်အခဲများနှင့် ကြုံတွေ့ရပြီး သတ်မှတ်ရက်ထက် နောက်ကျမှုများလည်း ရှိကြောင်း ဆက်လက်ပြောသည်။
ပြည်နယ်အတွင်း ရေကြီးမှုဖြစ်ပွားပြီးနောက် ဇွန်လ ၁၉ရက်မှ စတင်ကာ ရောင်းအားကောင်းလာပြီး ပစ္စည်းများကို ဆက်တိုက်မှာယူနေရကြောင်း ဈေးကြိုမှ စားသောက်ကုန်နှင့် အအေးမျိုးစုံရောင်းဝယ်ရေး လုပ်ကိုင်သူ မဇင်မာဌေးက ပြောသည်။

“အမဆီမှာဆို ကားပေါ်က ချတာနဲ့ ယူမယ်ဆိုပြီး ကြိုမှာတဲ့ အဖွဲ့အစည်းတွေတောင်ရှိတယ်၊ သူတို့ကတော့ လှူတာပေါ့နော်၊ ပစ္စည်းကတော့ ရောက်တာနဲ့ ဆိုင်တွေကိုလည်း ပို့ရနဲ့ လက်ငင်းရောင်းရတာနဲ့ ကုန်တာပဲ”ဟု ၎င်းက ပြောသည်။

ပစ္စည်းတင်ပို့ရာတွင် ပျက်လပ်မှုမရှိစေရန် လုပ်ဆောင်နေသော်လည်း လမ်းရေကြီးခြင်း၊ မိုးဆက်တိုက်ရွာသွန်း ခြင်းများ ဖြစ်ပါက ခရီးကြန့်ကြာမှုရှိကြောင်း ဆက်လက်ပြောသည်။

ပစ္စည်းများ ရောင်းအားကောင်းသောလည်း ရောင်းဈေးကို ပုံမှန်အတိုင်းရောင်းချပေးနေပြီး ငါးသေတ္တာတစ်ဗူးလျှင် ၅ဝဝမှ ၆ဝဝ ကျပ်၊ ဆီတစ်ဗူးလျှင် ၁,၃ဝဝ ကျပ်၊ ယိုးဒယားကြာဇံပြာ တစ်ထုပ်လျှင် ၂၅ဝ ကျပ်၊ ခေါက်ဆွဲထုပ် တစ်ထုပ်လျှင် ၁၅ဝ မှ ၂ဝဝ ကျပ်ဖြင့် ရောင်းနေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply